မူးယစ်ဆေးမှုဖြင့် ဖမ်းခံထားရသည့် ဂျပန်ယာကူဇာအဖွဲ့၏ ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရောင်းချမည့် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ကို လျှို့ဝှက်ယူဆောင်လာခဲ့သည်ဟု အမေရိကန် အစိုးရရှေ့နေများပြောကြား

မူးယစ်ဆေးမှုဖြင့် ဖမ်းခံထားရသည့် ဂျပန်ယာကူဇာအဖွဲ့၏ ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရောင်းချမည့် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ကို လျှို့ဝှက်ယူဆောင်လာခဲ့သည်ဟု အမေရိကန် အစိုးရရှေ့နေများပြောကြား
Published 22 February 2024

မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဂျပန်ယာကူဇာအဖွဲ့၏ ခေါင်းဆောင်က မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ရောင်းချမည့် ယူရေနီယမ်နှင့် ပလူတိုနီယမ်တို့ကို လျှို့ဝှက်ယူဆောင်လာခဲ့သည်ဟု အမေရိကန် အစိုးရရှေ့နေများက ပြောကြားသည်။

အသက် ၆၀ နှစ်ရှိ တာကီရှီအီဘီဆာဝါသည် အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အဆက်အသွယ်ရှိသော မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုကူးသူ ပုံစံဟန်ဆောင်ထားသော အသွင်ယူမူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာန (DEA) အေးဂျင့်ထံ နျူကလီးယားလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ၏ နမူနာများကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာခဲ့သည်ဟု ဖက်ဒရယ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ထုတ်လုပ်ရာအသုံးပြုသော ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ယင်းနမူနာများထဲတွင် ယူရေနီယမ်နှင့် လက်နက်ထုတ်လုပ်နိုင်သော အဆင့်ရှိသည့် ပလူတိုနီယမ်များကို နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။

စွပ်စွဲထားချက်အရ မူးယစ်ဆေးဝါးများ၊ လက်နက်များ၊ နျူကလီးယား လက်နက်ထုတ်လုပ်သော ကုန်ကြမ်းပစ္စည်းများ မှောင်ခိုကူးသည့် ဤအမှုတွင်ပါဝင်နေသော တရားခံများသည် အီရန်က ယင်းကုန်ကြမ်းများကို နျူကလီးယား လက်နက်များအတွက် အသုံးပြုလိမ့်မည်ဟု အပြည့်အဝမျှော်လင့်လျက် ယူရေနီယမ်နှင့် လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ပလူတိုနီယမ်တို့ကို ကမ်းလှမ်းခြင်းဖြစ်သည်ဟု ဖေ‌ဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်တွင် DEA အုပ်ချုပ်ရေးမှူး အန်းမိုင်ဂရမ်းက ဖော်ပြခဲ့သည်။

"ဒါဟာ လူ့အသက်တွေကို လုံးဝအလေးမထားဘဲ လုပ်ဆောင်နေတဲ့ မူးယစ်မှောင်ခိုကူးသူတွေရဲ့ဆိုးယုတ်တဲ့ ထူးခြား သာဓကတစ်ခုဖြစ်ပါတယ်"ဟု မိုင်ဂရမ်းကဖော်ပြခဲ့သည်။

နျူကလီးယားကုန်ကြမ်းပစ္စည်းများသည် မြန်မာနိုင်ငံတွင် ယူရေနီယမ် တူးဖော်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ အမည်မဖော်ထုတ်နိုင်သော ခေါင်းဆောင်တစ်ဦးထံမှ လာခြင်းဖြစ်သည်ဟု အမေရိကန်အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

အမည်ဖော်ပြထားခြင်းမရှိသည့် မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးက နူကလီးယား လက်နက်ထုတ်လုပ်နိုင်သည့် ပစ္စည်းများရောင်းချပေးရန် ပြောဆိုခဲ့သည်ဟု တာကီရှီအီဘီဆာဝါက ထုတ်ဖော်ဝန်ခံခဲ့သည်ဟု စွဲချက်တွင် ဖော်ပြထားသည်။

ဗီဒီယို Call ဖြင့် စကားပြောထားသည့် မှတ်တမ်းတစ်ခုအရ မြန်မာရှိ လက်နက်ကိုင်အဖွဲ့ထံတွင် နျူကလီယား ဓာတ်ပါဝင်ပစ္စည်း ကီလိုဂရမ်ထောင်ပေါင်းများစွာရှိကြောင်း၊ ယင်းလက်နက်ကိုင်အဖွဲ့၏ ထိန်းချုပ်နယ်မြေများတွင် နျူကလီးယားပစ္စည်း ၅ တန်အထိ ထုတ်လုပ်နိုင်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ဗီဒီယိုခေါ်ဆိုမှုအတွင်း DEA လျှို့ဝှက်အေးဂျင့်၊ ပွဲစားများနှင့် လက်နက်ကိုင်ခေါင်းဆောင်တို့ သဘောတူညီချက်အတိုင်း အီရန်ထံမှ လက်နက်နှင့် ယူရေနီယံ လဲလှယ်နိုင်မည့် အကြောင်းကို သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

Ebisawa က လက်နက်ကိုင်အဖွဲ့အနေဖြင့် လက်နက်များ ဝယ်ယူရန် လိုအပ်သည့် ငွေကြေးကို နျူကလီးယား ပစ္စည်းရောင်းချမှုမှ ရရှိသောငွေများကို အသုံးပြုရန် အကြံပြုခဲ့သည်။

ယင်းနောက် အဆိုပါတိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်က နမူနာများ ပေးပို့ခဲ့ရာ နမူနာများထဲတွင် ယူရေနီယမ်၊ သိုရီယမ်၊ပလူတိုနီယမ်တို့ပါဝင်နေသည်ကို အမေရိကန်ဖက်ဒရယ် ဓာတ်ခွဲခန်းကတွေ့ရှိခဲ့ပြီး ပလူတိုနီယမ်၏ အိုင်ဆိုတုပ် ဖွဲ့စည်းပုံသည် လက်နက်ထုတ်လုပ်နိုင်သော အဆင့်ရှိနေပေရာ နျူကလီးယား လက်နက်များတွင် အသုံးပြုနိုင်သည်ကို တွေ့ရှိခဲ့သည်။

ဂျပန်အခြေစိုက် နိုင်ငံတကာရာဇဝတ်အဖွဲ့၏ ခေါင်းဆောင် အီဘီဆာဝါသည် DEA ၏ စစ်ဆင်ရေးအတွင်း ၂၀၂၂ ခုနှစ် ဧပြီလထဲတွင် နယူးယောက်မြို့၏  မန်ဟတ်တန်ရပ်ကွက်တွင် ဖမ်းဆီးခံရသူ လေးဦးတွင် ပါဝင်သူဖြစ်သည်။

Ref း The Guardian၊ AFP

Most Read

Most Recent