ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် Mini Bus တစ်စီးပေါ်မှ ငွေကျပ် ၃ ဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ

ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် Mini Bus တစ်စီးပေါ်မှ ငွေကျပ် ၃ ဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ
Published 21 February 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက Mini Bus တစ်စီးပေါ်မှ ငွေကျပ် ၃ ဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၅) သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ဖေဖေါ်ဝါရီလ (၁၅) ရက် နံနက် (၁၀) နာရီခွဲအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးရေးဆောင်ရွက်နေစဉ် ဒိုက်ဦးမြို့ဘက်မှ ကျိုက်ထိုမြို့ဘက်သို့ ခိုင်ဇော်ထွန်း မောင်းနှင်ပြီး နိုင်ဇော် နှင့် နန္ဒထွန်း တို့ လိုက်ပါလာသည့် HYUNDAI အမျိုးအစား Mini Bus ယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရှာဖွေမှုများလုပ်ဆောင်ခဲ့ရာတွင် Mini Bus ပေါ်မှ ဒေသကာလတန်ဖိုး ကျပ် (၃) ဘီလျံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၅) သိန်း အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မရမ်းချောင်းဂိတ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပြီး ဖေဖေါ်ဝါရီလ (၁၆) ရက်၊ မနက် (၄) နာရီလောက်မှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ခိုင်းသူလို့ သိရတဲ့ ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာမှာနေတဲ့ ဇော်မျိုးနိုင် (ခ) ဒညင်း ကို သူ့ရဲ့နေအိမ်မှာ HYUNDAI GRACE မော်တော်ယာဉ်တစ်စီးနဲ့ အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ပြောကြားသည်။

သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်သို့သယ်ဆောင်ခဲ့ပြီး၊ ထိုမှ တဆင့် ကရင်ပြည်နယ်အတါင်းသို့ ဆက်လက်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

၎င်းစိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများအား သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများအရ အမှုဖွင့်အရေးယူထားကြောင်း နှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖေါ်ထုတ်လျက်ရှိကြောင်း သိရသည်။

Photo - CCDAC

Most Read

Most Recent