ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အား ရုရှားထုတ်ကားတစ်စီး လက်ဆောင်ပေးခဲ့

ရုရှားသမ္မတပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အား ရုရှားထုတ်ကားတစ်စီး လက်ဆောင်ပေးခဲ့
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ရုရှားနိုင်ငံရှိ Vostochny အာကာသစင်တာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်(ယာ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ဝဲ)တို့ တွေ့ဆုံစဉ်(Photo: Reuters)
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ရုရှားနိုင်ငံရှိ Vostochny အာကာသစင်တာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်(ယာ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ဝဲ)တို့ တွေ့ဆုံစဉ်(Photo: Reuters)
Published 20 February 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အတွက် ရုရှားထုတ်ကားတစ်စီး လက်ဆောင်ပေးခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖေဖော်ဝါရီ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနှင့် ရုရှားတို့သည် ခရီးသွားလုပ်ငန်းမှသည် ကာကွယ်ရေးကဏ္ဍအထိ ဆက်ဆံရေး တိုးမြှင့်လျက်ရှိသည်။

ယင်းသို့ လက်ဆောင်ပေးခဲ့ခြင်းသည် ရုရှား၏ သဘောတူညီမှုဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးလက်နက် အစီအစဉ်အပေါ် ကုလသမဂ္ဂက ဆက်တိုက်ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်မှု ဖြစ်လာမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများတွင် မြောက်ကိုရီးယားဆီသို့ မော်တော်ယာဉ် သို့မဟုတ် ဇိမ်ခံပစ္စည်း တင်ပို့မှုများကို ပိတ်ပင်ထားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ခေါင်းဆောင်ကင်ဂျုံအွန် တစ်ကိုယ်ရေ အသုံးပြုရန်အတွက် ရုရှားနိုင်ငံထုတ် ကားတစ်စီးလက်ဆောင်ပေးခဲ့ကြောင်း မြောက်ကိုရီးယား၏ KCNA သတင်းဌာနက ဖော်ပြသည်။

ကင်၏ညီမဖြစ်ပြီး မြောက်ကိုရီးယား၏ သြဇာကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ကင်ယိုဂျုံ ကလည်း အဆိုပါလက်ဆောင်သည် နှစ်နိုင်ငံထိပ်တန်းခေါင်းဆောင်များ၏ ထူးခြားလေးနက်သော ပုဂ္ဂိိုလ်ရေးဆိုင်ရာ ဆက်ဆံရေးကို ထင်ထင်ရှားရှားပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်အဆိုပါကား၏ မော်ဒယ်အမျိုးအစားကိုမူ တိတိကျကျ ဖော်ပြခဲ့ခြင်းမရှိပေ။

ယမန်နှစ်တွင် ကင်ဂျုံအွန် ရုရှားသို့သွားရောက်ကာ ပူတင်နှင့်တွေ့ဆုံခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားနှင့် ရုရှား၏ ဆက်ဆံရေးသည် ယခင်ထက် ပိုမိုနီးကပ်လာခဲ့ပြီး ယခုလအစောပိုင်းကလည်း ရုရှားခရီးသွား အဖွဲ့တစ် ဖွဲ့သည် မြောက်ကိုရီးယားသို့ လေးရက်ကြာလာရောက်လည်ပတ်ခဲ့သည်။ ယင်းသည် ၂၀၂၀ ခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့် နယ်စပ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းပထမဆုံး လူသိရှင်ကြားလာ ရောက်သည့် ပြည်ပခရီးသွားအုပ်စုဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလက ရုရှား အရှေ့ဖျားတွင် ကင်နှင့် ပူတင်တို့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုနိုင်ရန် ရုရှားအား စစ်လက်နက်များ ပေးပို့ခဲ့သည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက အခိုင်အမာ ပြောဆိုထားသည်။ အပြန်အလှန်အနေဖြင့် မြောက်ကိုရီးယား၏ ဂြိုဟ်တုစီမံကိန်းကို ရုရှားက အကူအညီပေးခဲ့သည်ဟုလည်း အမေရိကန်နှင့် တောင်ကိုရီးယားက ပြောကြားခဲ့သည်။

ယခုအခါ ရုရှားခေါင်းဆောင်သည် ပြုံယမ်းသို့ အလည်အပတ်ခရီးစဉ်အဖြစ်လာရောက်ရန်ပြင်ဆင်နေသည်ဟု နှစ်ဖက်စလုံးက အရိပ်အမြွက် ပြောဆိုထားသည်။

ကင်သည် တန်ဖိုးကြီးကားများကို နှစ်သက်သဘောကျသူအဖြစ် လူသိများပြီး Lexus SUV- Mercedes- BenzS-Class မော်ဒယ်ကားများ အပါအဝင် တန်ဖိုးကြီးဇိမ်ခံကားများ အသုံးပြုနေပုံကို မြင်တွေ့ရလေ့ရှိသည်။

၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်အရ ယူအေအီးမှ တရုတ်နိုင်ငံ နင်ပိုမြို့ဆီသို့ ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ဇိမ်ခံကားများကိုပေးပို့ခဲ့သည်ဟု ယူဆရပြီး ထိုမှတစ်ဆင့် မြောက်ကိုရီးယားသို့ ဆက်လက်ပို့ဆောင်ဖွယ်ရှိကြောင်း သိရသည်။

သမ္မတပူတင်က  ကင်ထံ ဇိမ်ခံကားတစ်စီး လက်ဆောင်ပေးခဲ့ခြင်းသည် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်နေသည်ဟု ဆန်းစစ်အကဲဖြတ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားသည်။

Ref: AFP

Most Read

Most Recent