ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရေတပ်ကို အကြီးမားဆုံးတည်ဆောက်မည်ဟု သြစတြေးလျ ပြောကြား

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရေတပ်ကို အကြီးမားဆုံးတည်ဆောက်မည်ဟု သြစတြေးလျ ပြောကြား
သြစတြေးလျရေတပ်သင်္ဘောတစ်စီးပေါ်၌ ကာကွယ်ရေးဝန်ကြီး ရစ်ချဒ်မားလ်သ တင်းစာရှင်းလင်းပွဲဲပြုလုပ်နေပုံကို ဖေဖော်ဝါရီ ၂၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
သြစတြေးလျရေတပ်သင်္ဘောတစ်စီးပေါ်၌ ကာကွယ်ရေးဝန်ကြီး ရစ်ချဒ်မားလ်သ တင်းစာရှင်းလင်းပွဲဲပြုလုပ်နေပုံကို ဖေဖော်ဝါရီ ၂၀ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 20 February 2024

အာရှပစိဖိတ်ဒေသ၌ လျင်မြန်သည့် လက်နက်ပြိုင်ဆိုင်မှုဖြစ်ပေါ်လာချိန်တွင် သြစတြေးလျသည် ဆယ်နှစ်ကြာ စီမံကိန်းတစ်ရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်လိုက်ရာ ယင်းစီမံကိန်းအရ ရေတပ်စစ်သ င်္ဘောကြီးများကို အရေအတွက်နှစ်ဆတိုးမည်ဖြစ်ကာ,ကာကွယ်ရေးအသုံးစရိတ်ကို နောက်ထပ် ခုနစ်ဘီလျံသုံးစွဲမည်ဖြစ်သည်။

စီမံကိန်းအရ သြစတြေးလျသည် အကြီးစား ရေပြင်တိုက်ခိုက်ရေးသင်္ဘော ၂၆ စီးရှိသည့် ရေတပ်ရှိလာမည်ဖြစ်သည်။ သြစတြေးလျရေတပ်၌ လက်ရှိတွင် ယင်းတိုက်ခိုက်ရေးသင်္ဘော ၁၁ စီးသာရှိသည်။

“ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံးရေတပ် သင်္ဘောအုပ်စုဖြစ်လာမှာဖြစ်ပါတယ်”ဟု ကာကွယ်ရေးဝန်ကြီး ရစ်ချဒ်မားလ်က ပြောကြားခဲ့သည်။

သြစတြေးလျသည် ဟန်းတားအဆင့်  ဖရီးဂိတ်သင်္ဘောခြောက်စင်းတည်ဆောက်မည်ဖြစ်ပြီး အထွေထွေသုံး ဖရီးဂိတ်သင်္ဘော ၁၁ စီး၊ အမှုထမ်းမလိုသည့် နောက်ဆုံးပေါ်ရေပြင်စစ်သင်္ဘောခြောက်စီးတို့ကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။

စစ်သင်္ဘောအချို့တွင် တိုမာဟော့ဒုံးကျည်များကို တပ်ဆင်မည်ဖြစ်သည်။ အဆိုပါ တိုမာဟော့ဒုံးကျည်များသည် ရန်သူနယ်မြေထဲက ပစ်မှတ်များကို တာဝေးမှပစ်ခတ်နိုင်မည်ဖြစ်ရာ ကြီးမားသည့် ဟန့်တားမှုစွမ်းရည် ရှိမည်ဖြစ်သည်။

တရုတ်နှင့် ရုရှားတို့လို ပြိုင်ဘက်များ၏ ကြီးကြီးမားမားစစ်အင်အားတည်ဆောက်မှုများ၊ စိုးရိမ်နေသော အမေရိကန်ဦးဆောင်သည့် မဟာမိတ်နိုင်ငံများနှင့် တိုက်လိုခိုက်လိုစိတ်များနေသော အာဏာရှင်အစိုးရများအ ကြား ထိပ်တိုက်တွေ့မှု တိုးလာသည့်အနေအထားတို့ဖြစ်ပေါ်နေပြီးနောက် သြစတြေးလျ၏ ယခုစီမံကိန်းထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုစီမံကိန်းသည် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည့် စီမံကိန်းဖြစ်လာမည်ဖြစ်ကာ သြစတြေးလျ၏နေတိုးမဟာမိတ်များက ကာကွယ်ရေးအသုံးစရိတ်ကိုဂျီဒီပီ၏နှစ်ရာ ခိုင် နှုန်းအထိသုံးစွဲရမည်ဟူသော သတ်မှတ်ချက်ထက်ပိုများသည်။

သင်္ဘောအချို့ကို အဒီလိုင်ဒီတွင်တည် ဆောက်သွားမည်ဖြစ်သည်။ ထို့ကြောင့် အလုပ်အကိုင် ၃,၀၀၀ ကျော်ရှိလာမည်ဖြစ်သည်ဆိုသော်လည်း သင်္ဘောအချို့ကို အမေရိကန်ဒီဇိုုင်းများ အသုံးပြုမည်ဖြစ်ကာ စပိန်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ဂျပန်တို့မှ သင်္ဘောဒီဇိုင်းများအသုံးပြုရေးကိစ္စကို ဆုံးဖြတ်ခြင်း မပြုရသေးပေ။

သြစတြေးလျရေတပ်တွင် လတ်တလောအသုံးပြုနေသော တိုက်ခိုက်ရေးသင်္ဘောများသည် မဟာဗျူဟာမြောက်ပတ်ဝန်းကျင်နှင့် ဆီလျော်ခြင်းမရှိတော့ကြောင်း၊ သြစတြေးလျသည် နိုင်ငံ၏သမိုင်းတွင် သက်တမ်းအကြာ ဆုံးရေတပ်သင်္ဘောများကို အသုံးပြုနေရခြင်းဖြစ်ကြောင်း လေ့လာဆန်းစစ်ချက်များ၌ တွေ့ ရှိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ရေတပ်သင်္ဘောများကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် နှောင့်နှေးကြန့်ကြာမှုများသည် သြစတြေးလျ၏လုံခြုံရေးအန္တရာယ်ကိုပိုကြီးလာစေလိမ့်မည်ဟု ဆိုသည်။

ရှေ့တွင် ဆောင်ရွက်မည့်ကိစ္စများအတွက် ခန့်မှန်းအသုံးစရိတ်များအဖြစ် နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ နှင့်သြစတြေးလျ သင်္ဘောလုပ်ငန်းကို တိုးချဲ့ရန်နှင့် တိုက်ခိုက်ရေးသင်္ဘောများ မြန်မြန် ဆန်ဆန်ရရှိလာစေရေးတို့အတွက် လာမည့် ၁၀ နှစ်တာကာလတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလျံသုံးစွဲမည်ဖြစ်ရာ နောက်လာမည့် ၁၀ နှစ်တွင် စီမံကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၅၄ ဘီလျံရှိလာမည်ဖြစ်သည်။

ဤရင်းနှီးမြှုပ်နှံမှုများကြောင့် ၂၀၃၀ ပြည့်နှစ် စောစောပိုင်းကာလတွင် ကာကွယ်ရေးအသုံးစရိတ်သည် ဂျီဒီပီ၏ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိလာမည်ဖြစ်သည်။ သြစတြေးလျ၏ လက်ရှိကာကွယ်ရေးအသုံးစရိတ်သည် ဂျီဒီပီ၏ ၂ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

Ref: AFP

Most Read

Most Recent