ခရီးလမ်းသွားလာရေးခက်ခဲမှုကြောင့် မြဝတီနယ်စပ်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာ

ခရီးလမ်းသွားလာရေးခက်ခဲမှုကြောင့် မြဝတီနယ်စပ်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာ
Published 19 February 2024

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် လမ်းသုံးသွယ်ရှိသော်လည်း ယခုအခါ မြဝတီ -ထို့ကော်ကိုး-နဘူးတောင်ကျော်လမ်းပိုင်းမှသာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ သွားလာရခြင်းကြောင့် ပြည်တွင်းထွက် အခြေခံစားကုန်ဆန်နှင့် အခြားကုန်ပစ္စည်းများ၊ လူသုံးကုန်များ စျေးနှစ်ဆကျော်မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက် စားကုန်ဆန်၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲမျိုးစုံ၊ ကွမ်းသီး ကွမ်းရွက်တို့မှာ ယခင်ထက် နှစ်ဆကျော်မြင့်တက်နေပြီး အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် လူသုံးကုန်ပစ္စည်းများလည်း များစွာစျေးမြင့်တက်နေကြောင်း၊ ယင်းကဲ့သို့ ကုန်ပစ္စည်းများစျေး မြင့်တက်နေရခြင်းမှာ လမ်းခရီးအခြေအနေ၊ သယ်ယူခစရိတ်မြင့်မားခြင်းကြောင့်ဟု သုံးသပ်မှုများရှိသည်။

“ပစ္စည်းသယ်ယူခအနေနဲ့ အရင်က ၁၀၀၀၀ လောက်ပေးရတဲ့ အထုပ်မျိုးဆိုရင် အခု ၂၀၀၀၀ ကျော်ပေးရတယ်။ လူတစ်ဦးအရင် မြဝတီ -မော်လမြိုင် ၂၀၀၀၀ ကျပ်၊ အခု ၆၀၀၀၀ ကျပ်၊ မြဝတီ-ရန်ကုန် အရင်က နှစ်သောင်းခွဲ၊ သုံးသောင်း၊ အခုကတော့ ခြောက်သောင်း၊ ရှစ်သောင်းအထိဖြစ်နေတော့ ကုန်စျေးနှုန်းတွေက တက်ရပြီလေ” ဟု ဘုရင့်နောင်စျေးအတွင်းမှ ကုန်မျိုးစုံရောင်းချသူတစ်ဦးက ပြောကြားသည်။

မြဝတီ-ထို့ကော်ကိုး တောင်ကျော်လမ်းတွင် မြဝတီ-ကျော်ခို့မှ တောင်ထိပ်အထိ လမ်းပိုင်းကို လမ်းချဲ့ခြင်းများရှိသော်လည်း ဖုန်ထူခြင်း၊ အကောက်ဂိတ်များခြင်းကြောင့် အဆင်းနေ့တိုင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

တောင်ထိပ်မှ ထို့ကော်ကိုးလမ်းပိုင်းတွင် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုကြောင့် ယာဉ်သွားလာမှု အနည်းငယ်အဆင်ပြေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြဝတီ-မော်လမြိုင် ယာဉ်မောင်းတစ်ဦးက “ကျွန်တော်တို့ မြဝတီဘက်မှာဆိုရင် မဲ့ပလဲ့ရွာကစပြီး ဂိတ်ကြေးပေးရပြီ။ တောင်ခြေအထိ ဂိတ်တွေ အရမ်းများတယ်။ တောင်ခြေရောက်တော့ လက်မှတ်ဖြတ်ရတယ်။ တောင်ပေါ်မှာတော့ မပေးရတော့ဘူး။ ထို့ကော်ကိုးရောက်မှ လက်မှတ်ပြရတယ်။ ဂိတ်ကြေးပေးရတယ်ပေါ့။ ထို့ကော်ကိုး-နဘူး-အာရှလမ်းဆုံ အထိဂိတ်တွေများတော့ ကားလေးတွေက တံခွန်တိုင် ဒေါ်လမ်းဘက်ကနေ သွားနေကြရတယ်။ လမ်းကတော့ သိပ်မကောင်းပါဘူး” ဟု ပြောကြားသည်။

ကော့ကရိတ် မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်၂၀၂၃ ခုနှစ်  ဒီဇင်ဘာ ၁ ရက်မှစတင်ကာ အာရှလမ်းသစ်မှ သွားလာခွင့်ရပ်ဆိုင်းသွားပြီး မြဝတီ -ကော့ကရိတ် ယခင်ဒေါနတောင် ကျော်လမ်းဟောင်းမှာလည်း သွားလာခွင့်ပိတ်ပင်ထားသည့်အတွက် ယခုအခါ ထို့ကော်ကိုးဒေါနတောင်ကျော်လမ်းမှသာ မဖြစ်မနေသွားလာနေကြရခြင်းဖြစ်သည်။

Most Read

Most Recent