နိုင်ငံကူးလက်မှတ်မရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် CI စခန်းများ မကြာမီ ဖွင့်လှစ်မည်

နိုင်ငံကူးလက်မှတ်မရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် CI စခန်းများ မကြာမီ ဖွင့်လှစ်မည်
Published 16 February 2024

နိုင်ငံကူးလက်မှတ်မရှိသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် CI စခန်းငါးခုနှင့် Mobile Unit သုံးခုကို ဖေဖော်ဝါရီလနောက်ဆုံးပတ်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ စူရတ်ဌာနီစသည့် ခရိုင်ဒေသရှိ CI စခန်းငါးနေရာနှင့် ရွေ့လျားမိုဘိုင်း ယူနစ်သုံးခုအဖြစ် ချင်းမိုင်၊ နာခွမ်ဆဝမ်၊ ဆောင်ခလာစသည့် မြို့နယ်များတွင် လာမည့်ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ CI ပြုလုပ်ရေးလုပ်ငန်းများ စတင်ဆောင်မည်ဖြစ်ပြီး CI ပြုလုပ်ရေးလုပ်ငန်းစဉ်တွင် တိုကင်လက်မှတ်အတွက် ကုန်ကျစရိတ် ဘတ် ၂၂၀၀ မှာ များပြားလွန်းပြီး ပြန်လည်သုံးသပ်သင့်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံမှာ CI စခန်းငါးခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီ၊ စူရတ်ဌာနီ အဲဒီငါးခုဖွင့်မယ်။ မိုဘိုင်းယူနစ်သုံးခု ဖွင့်လှစ်မယ်။ ချင်းမိုင်၊ နာခွမ်ဆဝမ်၊ ဆောင်ခလာ သုံးနေရာပေါ့။ အဲဒီတော့ လာမယ့်ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ဖွင့်လှစ်ပါမယ်။ CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း စာအုပ်ဖိုးက ဘတ် ၇၁၀၊ ဗီဇာဖိုးက ဘတ် ၁၁၀၀၊ မြန်မာနိုင်ငံဘက်က အခွန်နှစ်ရာခိုင်နှုန်းသုံးတာ ဘတ် ၄၅၀၊ စာအုပ်တိုကင်ဝယ်တာ ဘတ် ၂၂၀၀၊ အားလုံး ၄၅၆၀ ဘတ်ကို CI ရုံးမှာ ပေးသွင်းရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာ အိမ်ထောင်စုစာရင်း သို့မဟုတ် မှတ်ပုံတင် စုံစုံလင်လင်မရှိတဲ့သူတွေ ပတ်စပို့စာအုပ် တိုက်ရိုက်မလုပ်နိုင်တဲ့သူတွေအတွက် ကြားခံလုပ်ပေးတာဖြစ်တယ်။ CI ပြုလုပ်ရာမှာ တိုကင်ဝယ်ယူခ ၂၂၀၀ ဘတ်ကတော့ အလွန်များပါတယ်။ အကြံပြုဆွေးနွေးချင်တာက တိုကင်ဖိုး ၂၂၀၀ ဘတ်ကို လျှော့ချလိုက်မယ်ဆိုရင် ထိုင်းရောက် မြန်မာနိုင်ငံသားတွေ ကုန်ကျစရိတ်သက်သာသွားမယ်။ ဒီစရိတ်ကို လျှော့ချပေးဖို့ ပြန်လည်သုံးသပ်သင့်ပါတယ်။ ဒီလိုအခက်အခဲ အကျပ်အတည်းဖြစ်နေတဲ့ကာလမှာ တိုကင်ခကို လျှော့ချပေးဖို့ ပြန်လည်သုံးသပ်သင့်တယ်လို့ အကြံပြုလိုပါတယ်” ဟု  JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံတစ်ဝန်းလုံးရှိ 7-Eleven ဆိုင်ကြီးများတွင် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်ကာ ရက်ချိန်းတိုကင်ရယူနိုင်ပြီး 7-Eleven မှရယူခဲ့သော ရက်ချိန်းအတွင်း သတ်မှတ်ထားသော CI စခန်းများတွင် မဖြစ်မနေသွားရောက်ပြု လုပ်ရမည်ဖြစ်ကြောင်း JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြပြီး နိုင်ငံကူးလက်မှတ်မရှိသူများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးစခန်းငါးခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီနှင့် စူရတ်ဌာနီခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

Most Read

Most Recent