ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင် ပြန်လွတ်မြောက်လာတော့မည်ဟု ထိုင်းတရားရေးဝန်ကြီး ပြောကြား

ထောင်ဒဏ်ကျခံနေရသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင် ပြန်လွတ်မြောက်လာတော့မည်ဟု ထိုင်းတရားရေးဝန်ကြီး ပြောကြား
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ပြည်တော်ပြန်လာပြီးနောက် ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် ၎င်းကိုထောက်ခံသူများအား လက်ပြနှုတ်ဆက်နေသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို တွေ့ရစဉ်(Photo:AFP)
၂၀၂၃ ခုနှစ် သြဂုတ် ၂၂ ရက်က ပြည်တော်ပြန်လာပြီးနောက် ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်တွင် ၎င်းကိုထောက်ခံသူများအား လက်ပြနှုတ်ဆက်နေသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို တွေ့ရစဉ်(Photo:AFP)
Published 14 February 2024

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်သည် ပြစ်ဒဏ်မှ ပြန်လွတ်မြောက်လာတော့မည်ဟု ထိုင်းတရားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့ပြီး ၎င်းသည် အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ကုန်တွင် ပြန်လွတ်လာဖွယ်ရှိသည်။

ပြည်တော်ပြန်လာခဲ့ပြီး ခြောက်လအကြာတွင် သက်ဆင်သည် အကျဉ်းထောင်မှ ပြန်လွတ်မြောက်လာတော့မည်ဖြစ်သည်။

ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ယူခဲ့ပြီး၂၀၀၆ ခုနှစ် အာဏာသိမ်းမှုတွင် ရာထူးမှ ဖြုတ်ချခံရသည့် ဘီလျံနာတစ်ဦးဖြစ်သူ သက်ဆင်သည် ပြည်ပတွင် ၁၅ နှစ်ကြာ ခိုလှုံနေထိုင်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လတွင် ထိုင်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်။

၇၄ နှစ်အရွယ် ဘီလျံနာသက်ဆင်သည် ထိုင်းသို့ပြန်ရောက်ရောက်ချင်းမှာပင်  အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တို့ဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် ထိုင်းတရားရုံးချုပ်က အမိန့်ချခဲ့သည်။

ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက ၎င်း၏ပြစ်ဒဏ်ကာလကို တစ်နှစ်သာကျခံရန် လျှော့ပေါ့ပေးခဲ့သည်။

မန်ချက်စတာစီးတီး အသင်းပိုင်ရှင်ဟောင်းလည်းဖြစ်သည့် သက်ဆင်သည် စောစီးစွာ ပြန်လွတ်မြောက်လာမည့် အကျဉ်းသား ၉၃၀ ဦးထဲတွင် ပါဝင်မည်ဖြစ်ကြောင်း တရားရေးဝန်ကြီး တာဝီဆော့ဆုန်က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“သူဟာ ကျန်းမာရေးအရ အတိမ်းအစောင်းမခံတဲ့ ဒါမှမဟုတ် အသက် ၇၀ ကျော် အရွယ်ရှိတဲ့ အုပ်စုထဲမှာပါပါတယ်။ ခြောက်လကြာပြီးနောက် သူဟာ ပြစ်ဒဏ်ကနေ အလိုအလျောက် လွတ်မြောက်လာမှာဖြစ်တယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

သက်ဆင်သည် ယမန်နှစ် သြဂုတ် ၂၂ ရက်တွင် ထောင်ဒဏ်စတင်ကျခံခဲ့သည့်အတွက် ၎င်းသည် ဖေဖော်ဝါရီ ၁၇ ရက်ထက် နောက်မကျဘဲ ပြန်လွတ်လာနိုင်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။

သက်ဆင်အနေဖြင့် ပြစ်ဒဏ်မှ မည်သို့မည်ပုံ လွတ်မြောက်လာမည်ကို လတ်တလောတွင် ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ၎င်းသည် ခြေချင်းဝတ်တွင် အီလက်ထရွန်းနစ်ကိရိယာ ဝတ်ဆင်စေ၍ စောင့်ကြည့်ခံရခြင်း၊ ခရီးသွားလာခွင့် ကန့်သတ်ခံရခြင်းတို့နှင့် ကြုံရဖွယ်ရှိသည်။

သက်ဆင် ထိုင်းသို့ပြည်တော်ပြန်လာချိန်သည် ၎င်း၏ဖြူထိုင်းပါတီက စစ်တပ်လိုလားသော ပါတီများနှင့် အငြင်းပွားဖွယ် သဘောတူညီမှုရယူကာ အာဏာပြန်ရလာသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

ထို့ပြင် ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက သက်ဆင်၏ပြစ်ဒဏ်ကို ရှစ်နှစ်မှတစ်နှစ်သို့ လျှော့ချပေးခဲ့ခြင်းသည်လည်း လျှို့ဝှက်သဘောတူညီမှု ရယူထားခြင်းဖြစ်သည်ဟူသော ထင်ကြေးပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။

၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများက လူထုကြိုက် မူဝါဒများကြောင့် သန်းနှင့်ချီသည့် ကျေးလက်နေပြည်သူများ၏ ချစ်ခင်လေးစားမှုကို ရရှိခဲ့သော်လည်း ထိုင်းနိုင်ငံရှိ ဘုရင်စနစ် ထောက်ခံသူများနှင့် စစ်တပ်လိုလားသော သြဇာရှိရှေးရိုးဝါဒီများ၏ အမျက်ရှခြင်းကို ခံခဲ့ရကာ လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ကာလအများစုတွင် ၎င်းနှင့် ၎င်း၏ မဟာမိတ်များ အာဏာမရရှိအောင် ကန့်သတ်ပိတ်ပင်ခံခဲ့ရသည်။ Ref:AFP

Most Read

Most Recent