၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်အနေဖြင့် သဘောတူထားပြီး ပြင်ဆင်သင့်ဥပဒေများကို လွှတ်တော်လမ်းကြောင်းဖြင့် ပြင်ဆင်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား 

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်အနေဖြင့် သဘောတူထားပြီး ပြင်ဆင်သင့်ဥပဒေများကို လွှတ်တော်လမ်းကြောင်းဖြင့် ပြင်ဆင်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား 
ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော် တွင် နစက ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံစဉ်
ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော် တွင် နစက ဥက္ကဋ္ဌ နှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံစဉ်
Published 14 February 2024

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို တပ်မတော်အနေဖြင့် သဘောတူထားပြီး ပြင်ဆင်သင့်ဥပဒေများကို လွှတ်တော်လမ်းကြောင်းဖြင့် ပြင်ဆင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသောကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ပြောကြားသည်။ 

မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့်လမ်းစဉ်ဖြင့် လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး နည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာသီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Most Read

Most Recent