၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့ စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်းနီးပါးရှိပြီး အားလုံးစစ်မှုထမ်းရမည် မဟုတ်ဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား 

၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့ စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်းနီးပါးရှိပြီး အားလုံးစစ်မှုထမ်းရမည် မဟုတ်ဟု နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား 
၂၀၂၂ ခုနှစ် မတ်လက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်နေ့ အခမ်းအနားကို တွေ့ရစဉ် - Photo: AFP
၂၀၂၂ ခုနှစ် မတ်လက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်နေ့ အခမ်းအနားကို တွေ့ရစဉ် - Photo: AFP
Published 14 February 2024

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်းနီးပါးရှိပြီး အားလုံးစစ်မှုထမ်းရမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးတင်ပြရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

"ဒီနေရာမှာ ကျွန်တော်တို့မိဘပြည်သူများကို ထပ်မံပြီးအသိပေး လိုတာက ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်မယ့်၊ အကျုံးဝင်နိုင်တဲ့ လူဦးရေ၊ အကျုံးဝင်နိုင်တဲ့ လူဦးရေဆိုတာက အမျိုးသား ၆ ဒဿမ ၃ သန်း၊ အမျိုးသမီး ၇ ဒဿမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါတယ်။ အဲဒီတော့ အဲဒီ ၁၃ သန်းလုံးကို တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်စေမှာလား၊ မဟုတ်ပါဘူး။ အကျုံးဝင်တာပဲ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစစ်မှုထမ်းဆောင်စေတယ် ဆိုတဲ့အထဲမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်တဲ့ သူရဲ့ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ပါပြီးသားဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 

ပြည်သူ့စစ်မှုထမ်းဥပေဒေကို ပြဋ္ဌာန်းခြင်းသည် ပြည်တွင်းပြည်ပ ဘေးအန္တရာယ်ဆိုခြင်းထက် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိခြင်းကြောင့် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

"ကျွန်တော်တို့အနေနဲ့ ခုနပြောတဲ့ လူဦးရေ ၁၃ သန်းပေါ့နော် အမျိုးသား ၆ ဒဿမ ၃ သန်း၊ အမျိုးသမီး ၇ ဒဿမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့ဦး၊ အမျိုးသားတွေပဲထည့်တွက်ဦး၊ အမျိုးသားတွေပဲထည့်တွက်ရင် ဒီ ၆ ဒဿမ ၃ သန်းရဲ့ တစ်ရာခိုင်နှုန်း တစ်ရာခိုင်နှုန်းဆိုရင် ခြောက်သောင်းသုံးထောင်ရှိပြီ ဖြစ်ပါတယ်။ နှစ်ရာခိုင်နှုန်းဆိုရင် တစ်သိန်းနှစ်သောင်းရှိပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုရင် လူဦးရေ ၆ သိန်းရှိပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလောက် လူဦးရေလိုသလား၊ ၁၀ ရာခိုင်နှုန်း လိုသလား မလိုနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာပေါင်း ခြောက်သောင်း ရှိတယ်။ ရပ်ကွက်တွေပါ ထည့်တွက်ရင် ခြောက်သောင်းကျော် ရှိတယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့၊ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်းမရှိပါဘူး"ဟု ၎င်းက ပြောကြားသည်။ 

ထိုဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းသည် နစကအစိုးရတစ်ဆက်တည်းအတွက် မဟုတ်ဘဲ နောင် ဒီမိုကရေစီစနစ်၊ ပါတီစုံဒီမိုကရေစီကို လက်တွေ့ဖော်ဆောင်မည့် အစိုးရများလက်ထက်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

"ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအနေအထား လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ ဒီဥပဒေကို ပြဋ္ဌာန်းချက်ကို မဖြစ်မနေဆောင်ရွက်ရမှာအတွက်ဖြစ်တယ်။ ဒီနိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားအားလုံးမှာ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့အသိပညာတွေ တိုးပွားလာအောင် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ သို့မဟုတ် အမျိုးသားစစ်မှုထမ်းစနစ် (National Service) ပတ်သက်ပြီး အမျိုးမျိုးပြဋ္ဌာန်းပြီး လုပ်ဆောင်နေခြင်းများရှိကြောင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးနားချင်း ငါးနိုင်ငံတွင်လည်း ယင်းဥပဒေမပြဋ္ဌာန်းထားသောနိုင်ငံ နှစ်နိုင်ငံသာရှိကြောင်း၊ ကျန်သည့် သုံးနိုင်ငံမှာ ယင်းဥပဒေပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ ယင်းသုံးနိုင်ငံတွင် ဥပဒေပြဋ္ဌာန်းပြီး လက်တွေ့မလုပ်ဆောင်သောနိုင်ငံတစ်နိုင်ငံ၊ လက်တွေ့အပြည့်အဝလုပ်ဆောင်နေသောနိုင်ငံ တစ်နိုင်ငံနှင့် တစ်ဝက်တစ်ပျက်ဆောင်ရွက်နေသောနိုင်ငံ တစ်နိုင်ငံရှိကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျုံးဝင်သူဦးရေ ၁၃ သန်းနီးပါးရှိသော်လည်း ယင်းဥပဒေ၏ ပုဒ်မ ၂၂ တွင် ကင်းလွတ်ခွင့်နှင့် ပုဒ်မ ၁၅ တွင် ယာယီရွှေ့ဆိုင်းခွင်ဟူ၍ ပြဋ္ဌာန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

"ပုဒ်မ ၂၂ မှာ ကင်းလွတ်ခွင့်ရတဲ့လူတွေ ပြဋ္ဌာန်းထားတာရှိတယ်။ ဥပမာ သာသနာ့ဝန်ထမ်းများ သိပြီးပြီ၊ အိမ်ထောင်သည်အမျိုးသမီးများ ဒါတွေ ပါပါတယ်။ နောက်ပြီးတော့ သီးသန့်ဘုတ်အဖွဲ့ကနေ အမိန့်ထုတ်ပြီးတော့ ကင်းလွတ်ခွင့်ရတဲ့သူများလည်း ပါသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယာယီ ခုမိဘပြည်သူတွေ ခဏခဏမေးနေတဲ့ ကျောင်းသားတွေကလည်း အသက်အကျုံးဝင်ရင် စစ်ပညာတာဝန်ထမ်းဆောင်ရမှာလား၊ ဝန်ထမ်းတွေကလည်း တာဝန်ထမ်းဆောင်ရမှာလားဆိုတဲ့ ဟာမျိုးတွေ ပုဒ်မ ၁၅ အရ ယာယီရွှေ့ဆိုင်းခွင့် ရထားတဲ့သူတွေရှိပါတယ်။ ဒါတွေသည် နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာရေးမပြီးသေးတဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ ဒါအခြားပြုစုစောင့်ရှောက်မယ့် မိအိုဖအိုကို ပြုစုလုပ်ကျွေးနေတဲ့သူတွေ ဒါတွေပါပြီးသား ဖြစ်ပါတယ်။ သို့သော် သူတို့အနေနဲ့ခြွင်းချက်က တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ပညာသင်ကြားမှုပြီးဆုံးသွားရင် အချိုးကျ ဒီနိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်သွားရမှာ ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနကနေပြီး လိုအပ်တဲ့နည်းဥပဒေတွေ၊ အမိန့်တွေ၊ ကြေညာစာတွေထွက်လာဦးမှာ ဖြစ်ပါတယ်"ဟု ၎င်းက ရှင်းလင်းပြောကြားသည်။ 

၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ အာဏာတည်ကြောင်း နစက အမိန့်ထုတ်ပြန်ခဲ့သည်။ 

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ကို အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းနှင့် ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သော အရန်တပ်ဖွဲ့ဥပဒေကိုလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှစတင်၍ အာဏာတည်မည်ဖြစ်ကြောင်း နစက ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent