အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် ပါလက်စတိုင်း၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့ဟု IMF အကြီးအကဲ ပြောကြား

အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် ပါလက်စတိုင်း၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့ဟု IMF အကြီးအကဲ ပြောကြား
ဖေဖော်ဝါရီ ၉ ရက်က ဘရက်ဆဲလ်မြို့တွင် ဘယ်ဂျီယမ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် IMF အကြီးအကဲ ခရစ္စတာလီနာ ဂျော်ဂျီဗာ(ဝဲ)ကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၉ ရက်က ဘရက်ဆဲလ်မြို့တွင် ဘယ်ဂျီယမ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံနေသည့် IMF အကြီးအကဲ ခရစ္စတာလီနာ ဂျော်ဂျီဗာ(ဝဲ)ကို တွေ့ရစဉ်(Photo: AFP)
Published 12 February 2024

အစ္စရေး-ဟားမာ့စ် စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသနှင့် သိမ်းပိုက်ခံအနောက်ဘက်ကမ်းဒေသနှစ်ခုစလုံး၏ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲက ဖေဖော်ဝါရီ ၁၁ ရက်တွင်ပြောကြားခဲ့သည်။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကသာ ယင်းအလားအလာကို တိုးတက်စေလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။

“စစ်ပွဲဆက်ပြီး ဖြစ်ပွားနေသရွေ့ ပါလက်စတိုင်းရဲ့ သေရေးရှင်ရေးတမျှဖြစ်နေတဲ့ စီးပွားရေးအလားအလာဟာ ပိုပြီးဆိုးရွားနေမှာဖြစ်တယ်”ဟု IMF ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ္စတာလီနာ ဂျော်ဂျီဗာက ဒူဘိုင်းတွင်ပြုလုပ်သည့် ကမ္ဘာ့အစိုးရများ၏ ထိပ်သီးညီလာခံ၌ ပြောကြားခဲ့သည်။

“စစ်ပွဲရဲ့ သက်ရောက်မှုဟာ စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေတယ်”ဟု ဂျော်ဂျီဗာက ဆိုသည်။

စစ်ဒဏ်ကြောင့် အကြီးအကျယ်ပျက်စီးနေသည့် ဂါဇာကမ်းမြောင်ဒေသ၌ စီးပွားရေးဆိုင်ရာ လည်ပတ်မှုများသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာအတွင်း ၈၀ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု IMF အကြီးအကဲက ပြောကြားသည်။

အနောက်ဘက်ကမ်းဒေသတွင်လည်း စီးပွားရေးဆိုင်ရာလည်ပတ်မှုများသည် ၂၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားသည်။

အနောက်ဘက်ကမ်း ဒေသတွင် အစ္စရေးက အလုပ်ပါမစ် ၁၃၀,၀၀၀ ကို ရုပ်သိမ်းခဲ့ခြင်း၊ စစ်ဆေးရေးဂိတ်များ ထပ်တိုးလာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အကြီးအကျယ် ထိခိုက်ခြင်း၊ ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း၊ ဂါဇာဒေသကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်တောက်ထားခြင်းတို့ကြောင့် အကြီးအကျယ်အထိနာခဲ့သည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို ဟားမာ့စ်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းအား လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာဒေသကို လေးလကျော်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

ဟားမာ့စ်လက်နက်ကိုင်အဖွဲ့၏ မကြုံစဖူး တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်တွင် အရပ်သားအများစု အပါအဝင် လူ ၁,၁၆၀ ခန့် သေဆုံးခဲ့သည်ဟု အစ္စရေးအစိုးရကထုတ်ပြန်သည့် ကိန်းဂဏန်းများကို ကိိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။

အစ္စရေးသည် ဟားမာ့စ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းမည်ဟု ကတိပြုထားပြီး မြေပြင်နှင့် ဝေဟင်တို့မှ အပြင်းအထန်ထိုးစစ်ဆင်ခဲ့သည့်အတွက် အမျိုးသမီးနှင့် ကလေးငယ်အများစုအပါအဝင် အနည်းဆုံး ၂၈,၁၇၆ ဦး သေဆုံးခဲ့သည်ဟု ဟားမာ့စ်ထိန်းချုပ်ထားသော ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂျော်ဂျီဗာသည် ဖေဖော်ဝါရီ ၁၄ ရက်အထိ ကျင်းပမည့် စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှ ထိပ်တန်းပုဂ္ဂိုလ်များ၏ နှစ်ပတ်လည် အစည်းအဝေးဖြစ်သည့် World Government ထိပ်သီးညီလာခံဖွင့်ပွဲတွင် မိန့်ခွန်းပြော ကြားခဲ့သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲကြောင့် ပါလက်စတိုင်း နယ်မြေများအပြင် အီဂျစ်၊ လက်ဘနွန်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ ခရီးသွားလုပ်ငန်းကိုလည်း ထိခိုက်စေခဲ့သည်ဟု ဂျော်ဂျီဗာက ပြောကြားသည်။

 ဟားမာ့စ်လက်နက်ကိုင်အဖွဲ့ဘက်မှ ရပ်တည်သည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ယီမင်အခြေစိုက် ဟူသီသူ ပုန်အဖွဲ့က ပင်လယ်နီတွင် အရပ်ဘက်သယ်ယူပို့ဆောင်ရေး သင်္ဘောများကို တိုက်ခိုက်မှုများလုပ် ဆောင်ခဲ့သည်။                             

Ref: AFP

Most Read

Most Recent