ပါကစ္စတန်၌ အနိုင်၊ အရှုံးမပြတ်သားသည့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးသမားများအနေဖြင့် ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ပါကစ္စတန်စစ်တပ်အကြီးအကဲ ပြောကြား

ပါကစ္စတန်၌ အနိုင်၊ အရှုံးမပြတ်သားသည့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးသမားများအနေဖြင့် ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ပါကစ္စတန်စစ်တပ်အကြီးအကဲ ပြောကြား
ဖေဖော်ဝါရီ ၈ ရက်က ပါကစ္စတန်နိုင်ငံ ကွက်တာမြို့ရှိ မဲရုံတစ်ရုံတွင် မဲပေးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၈ ရက်က ပါကစ္စတန်နိုင်ငံ ကွက်တာမြို့ရှိ မဲရုံတစ်ရုံတွင် မဲပေးနေသည့် အမျိုးသားတစ်ဦးကို တွေ့ရစဉ်(Photo:AFP)
Published 11 February 2024

ပါကစ္စတန်၌ အနိုင်၊ အရှုံးမပြတ်သားသည့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးသမားများအနေဖြင့် ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုကို ပြသရန် ပါကစ္စတန် စစ်တပ်အကြီးအကဲက တိုက်တွန်းခဲ့သည်။

ပါကစ္စတန်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို သစ္စာခံသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများသည် စစ်တပ်က ထောက်ခံထားသည့် ပါကစ္စတန် မွတ်ဆလင်အဖွဲ့ချုပ်ပါတီ (PML-N) အား နေရာအများစု အနိုင်ရရှိစေမည့်အရေးမှ ဟန့်တားနိုင်ခဲ့သည်။

ခန်း၏ ပါကစ္စတန် တာရိခ် အီး အင်ဆက်ဖ် (PTI)သည် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရပြီး လပေါင်းများစွာကြာ ဖိနှိပ်ခံခဲ့ရမှုကို ဖီဆန်ပြီး ၎င်း၏ ပါတီဝင်များကို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ကာ ပြိုင်ဘက်များကို စိန်ခေါ်နိုင်စွမ်းကို ပြသခဲ့သည်။

၁၉၄၇ ခုနှစ်က အိန္ဒိယနှင့် ကွဲကွာပြီး လွပ်လပ်ရေးရခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ သမိုင်းကြောင်းတွင် စစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံ့သက်တမ်း စုစုပေါင်း၏ထက်ဝက်နီးပါးကို အုပ်ချုပ်ခဲ့မှုနှင့်အတူ ပါကစ္စတန်၏ နိုင်ငံရေးအခင်းအကျင်းတွင် စစ်တပ်က သြဇာအာဏာ လွှမ်းမိုးထားသည်။

“ရွေးကောက်ပွဲတွေဟာ အနိုင်၊ အရှုံး ယှဉ်ပြိုင်တဲ့ ကစားပွဲမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို ဆုံးဖြတ်တဲ့ အရာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကြီး ဆေးယက် အက်ဆင်မ် မူနီယာက ပြောကြားခဲ့ကြောင်း စစ်တပ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်ပြည်သူများသည် ပါကစ္စတန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ယုံကြည်တန်ဖိုးထားခဲ့သဖြင့် နိုင်ငံရေးပါတီများအားလုံး အနေနှင့်လည်း အပြန်အလှန်အနေဖြင့် နိုင်ငံရေးအရ ရင့်ကျက်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပြသရန် ၎င်းက ပြောကြားခဲ့သည်။

လူဦးရေ သန်း ၂၅၀ ရှိသည့် ပါကစ္စတန် နှင့် ကိုက်ညီမှုမရှိသည့် မင်းမဲ့စရိုက်ဆန်ပြီး  အယူဝါဒနှစ်ခြမ်းကွဲသည့် နိုင်ငံရေးအခင်းအကျင်းကို ချန်ထားခဲ့ရန်အတွက် တည်ငြိမ်မှုရှိပြီး ကုစားနိုင်မည့် လက်များလိုအပ်သည် ဟုလည်း မူနီယာက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲရလဒ်များ ရှည်ကြာစွာ နှောင့်နှေးကြန့်ကြာခဲ့သဖြင့် စစ်တပ်သည် မဲမသမာမှုများတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် စွဲချက်များ ထွက်ပေါ်လာခဲ့ကာ PML-N ပါတီက ထိုရွေးကောက်ပွဲတွင် နေ ရာအများဆုံး အနိုင်ရရှိကြောင်း ဖေဖော်ဝါရီ ၉ ရက်က ကြေညာခဲ့သည်။

မည်သို့ပင်ဆိုစေ အစိုးရဖွဲ့ရန်အတွက် ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ်ရှရစ်ဖ် ထူထောင်ထားသည့် PML-N ပါတီသည် ပြိုင်ဘက်ပါတီများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ နှင့် သဘောတူညီမှုများပြုလုပ်ရမည့် အခြေ အနေကို ရောက်ရှိစေခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှရစ်ဖ်က ၎င်း၏ ပါတီသည် ပါလီမန်ရွေးကောက်ပွဲတွင် အလွယ်တကူ အနိုင်ရရှိကာ ၎င်းသည်လည်း ဝန်ကြီးချုပ်ရာထူးကို စတုတ္ထအကြိမ် ရယူနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း လတ်တလောတွင် အာဏာရရှိရန် အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ရန် ကြိုးပမ်းမည်ဟု ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂၆၆ နေရာအနက် ၉၉ နေရာတွင် ခန်း၏ ပါတီက ကျောထောက်နောက်ခံပြုထားသည့် ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့သည်။

ရှရစ်ဖ်၏ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်ပါတီကမူ မဲဆန္ဒနယ် ၇၁ နေရာတွင် အနိုင်ရခဲ့သည်။ ပါကစ္စတန် ပြည်သူ့ပါတီကမူ မဲဆန္ဒနယ် ၅၃ ခုတွင် အနိုင်ရခဲ့သည်။

                                              Ref:AFP

Most Read

Most Recent