တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်က တတိယအကြိမ် ပူးတွဲကင်းလှည့်မှုပြုလုပ်

တောင်တရုတ်ပင်လယ်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်က တတိယအကြိမ် ပူးတွဲကင်းလှည့်မှုပြုလုပ်
အမေရိကန်စစ်တပ်နှင့် ပူးတွဲကင်းလှည့်လည်မှုတစ်ခုအတွင်း ဖိလစ်ပိုင်စစ်သင်္ဘော BRP Gregorio Del Pilar ပေါ်မှ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်(Photo: AFP)
အမေရိကန်စစ်တပ်နှင့် ပူးတွဲကင်းလှည့်လည်မှုတစ်ခုအတွင်း ဖိလစ်ပိုင်စစ်သင်္ဘော BRP Gregorio Del Pilar ပေါ်မှ တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်(Photo: AFP)
Published 10 February 2024

ဖေဖော်ဝါရီ ၉ ရက်က အမေရိကန်နှင့် ဖိလစ်ပိုင်တို့သည် သုံးလအတွင်း တတိယအကြိမ် ရေကြောင်းနှင့်လေကြောင်းမှ ပူးတွဲကင်း လှည့်လည်မှုကို ဖိလစ်ပိုင်ကမ်းလွန်တွင် ပြုလုပ်ခဲ့ကြောင်း မဟာမိတ်နှစ်နိုင်ငံက ပြောကြားခဲ့သည်။

ဒေသတွင်း၌ တရုတ်က အင်အားပြမှုများ တိုးမြှင့်လာစဉ် အမေရိကန်သည် ၎င်းဒေသရှိ မဟာမိတ်နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာအားကောင်းအောင်လုပ်ဆောင်ရန် ကြိုးပမ်းနေစဉ်တောင် တရုတ်ပင်လယ်၌ ဖိလစ်ပိုင်နှင့်အတူ ရေကြောင်းနှင့်လေကြောင်းမှ ပူးတွဲကင်းလှည့်လည်မှုများကို လတ်တလော လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

သီးခြားစစ်ရေးလေ့ကျင့်မှုအဖြစ် အမေရိကန်နှင့် ဂျပန်ရေတပ်သည်လည်း ယခုလအတွင်း ဖိလစ်ပိုင်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသည် တရုတ်၊ မြောက်ကိုရီးယားတို့နှင့် တင်းမာမှုများ မြင့်တက်နေစဉ် အင်အားပြသမှု ပြုလုပ်ခဲ့ခြင်း လည်းဖြစ်သည်။

ဖိလစ်ပိုင်နှင့် အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် အမေရိကန်က ၎င်း၏မဟာမိတ် ဖိလစ်ပိုင်အပေါ် တရုတ်၏ရန်လိုသောလုပ်ရပ်များကို ရှုတ်ချခဲ့သည်။

EDCA ဟု လူသိများသော ၂၀၁၄ ခုနှစ် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီချက်အရ ဖိလစ်ပိုင်ရှိ စစ်အခြေစိုက်စခန်း ကိုးခုကို အမေရိကန်အား အသုံးပြုခွင့်ပေးထားပြီးဖြစ်သည်။

အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ အမေရိကန်သည် ပူးတွဲစစ်ရေး လေ့ကျင့်မှုများပြုလုပ်ရာတွင် အဆိုပါ စစ်စခန်းများကို အသုံးပြုခွင့်ရှိပြီး စစ်လက်နက်ပစ္စည်းများကိုလည်း ဖြန့်ကြက် ချထားခွင့်ရှိသည်။      

ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ရန်စမှုများဟု ရှုမြင်ထားသော လုပ်ရပ်များကို တန်ပြန်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောများနှင့် လေယာဉ်များ၏ သွားလာလှုပ်ရှားမှုများကို စောင့် ကြည့်နိုင်စွမ်းတိုးမြှင့်ရန် တောင်တရုတ်ပင်လယ်ရှိ သီတူကျွန်းတွင် ဖိလစ်ပိုင်က ကမ်းခြေစောင့်တပ်စခန်းသစ် တစ်ခုကို တည်ဆောက်ခဲ့သည်။

သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ်ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။

ဖေဖော်ဝါရီ ၉ ရက်က ပြုလုပ်ခဲ့သည့် အမေရိကန်နှင့်ဖိလစ်ပိုင်တို့၏ ပူးတွဲကင်းလှည့်လည်မှုတွင် အမေရိကန်၏ တိုက်သင်္ဘော USS Gabrielle Giffords နှင့် MH-60 S Sea Hawk ရဟတ်ယာဉ်တစ်စင်း ပါဝင်ခဲ့ကာ ဖိလစ်ပိုင်ရေတပ်၏ စစ်သင်္ဘော BRP Gregorio Del Pilar နှင့် AW109 ရဟတ်ယာဉ်တစ်စင်းလည်း ပါဝင်ခဲ့သည်။

ယင်းပူးတွဲကင်းလှည့်လည်မှုကို ဖိလစ်ပိုင်၏ အထူးစီးပွားရေးဇုန်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သော်လည်း နေရာအတိအကျကို ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

 အမေရိကန်နှင့် ဖိလစ်ပိုင်စစ်တပ်၏ ပထမဆုံးအကြိမ် ပူးတွဲကင်းလှည့်လည်မှုကို နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည်။ ဒုတိယအကြိမ် ပူးတွဲကင်းလှည့်မှုကိုဇန်နဝါရီလထဲတွင် နှစ်ရက်ကြာပြုလုပ်ခဲ့သည်။ ယင်းကင်း လှည့်လည်မှုတွင် ဖိလစ်ပိုင်ရေတပ်မှ စစ်သင်္ဘောလေးစင်းနှင့် အမေရိကန်စစ်တပ်၏ အင်ဒို-ပစိဖိတ် စစ်ရေယာဉ်စုမှ လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ်ကားလ်ဗင်ဆန် အပါအဝင် စစ်သင်္ဘောလေးစင်း ပါဝင်ခဲ့သည်။ ဖိလစ်ပိုင်နှင့် သြစတြေးလျတို့ သည်လည်း တောင်တရုတ်ပင်လယ်တွင်ပူးတွဲ ကင်းလှည့်မှုပြုလုပ်ခဲ့သည်။        

Ref: AFP