အမေရိကန်သည် ၎င်းတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း တရုတ်သမ္မတရှီနှင့် ရုရှားသမ္မတပူတင်တို့က စွပ်စွဲ

အမေရိကန်သည် ၎င်းတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း တရုတ်သမ္မတရှီနှင့် ရုရှားသမ္မတပူတင်တို့က စွပ်စွဲ
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ပေကျင်းမြို့တော်တွင်ပြုလုပ်သည့် Belt and Road ဖိုရမ်တွင် ရုရှားသမ္မတပူတင် (ဝဲ) နှင့် တရုတ်သမ္မတရှီတို့ကို တွေ့ရစဉ်(Photo: AFP)
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ပေကျင်းမြို့တော်တွင်ပြုလုပ်သည့် Belt and Road ဖိုရမ်တွင် ရုရှားသမ္မတပူတင် (ဝဲ) နှင့် တရုတ်သမ္မတရှီတို့ကို တွေ့ရစဉ်(Photo: AFP)
Published 9 February 2024

အမေရိကန်သည် ၎င်းတို့၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း တရုတ်သမ္မတ ရှီကျင်းပင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဖေဖော်ဝါရီ ၈ ရက်က တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုအတွင်းစွပ်စွဲခဲ့ သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်ခဲ့သည်။

တရုတ်နှင့် ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန်ကြိုးပမ်းနေသည်ဟု အနောက်နိုင်ငံများက ရှုမြင်ထားမှုနှင့်အတူ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် ရုရှားအကြား ကုန်သွယ်ရေးနှင့် ကာကွယ် ရေးဆက်ဆံမှုများကို အရှိန်မြှင့်တင်ခဲ့သည်။

ပူတင်နှင့်ရှီတို့သည် တစ်နာရီခန့် ကြာမြင့်သည့် ဖုန်းဆက်သွယ်ပြောဆိုမှုအတွင်း အခြားနိုင်ငံများ၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်နေသည့် အမေရိကန်၏ မူဝါဒကို ရှုတ်ချခဲ့ကြောင်း ကရင်မလင်က ပြောကြားခဲ့သည်။

အမေရိကန်သည် ရုရှားနှင့်တရုတ်ကို ထိန်းချုပ်ဟန့်တားသည့် မူဝါဒကိုချမှတ်ကျင့် သုံးနေသည့်အချက်ကို နှစ်နိုင်ငံခေါင်းဆောင်များက နားလည်သဘောပေါက်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ယူရီအူရှာ ကော့ဗ်က ပြောကြားခဲ့သည်။

ရုရှားသည့် ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ၎င်း၏ စစ်ပွဲအတွက် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကိုခံခဲ့ရပြီးကတည်းက တရုတ်ကို ၎င်း၏ စီးပွားရေးအတွက် အသက်သွေးကြောတစ်ခုအဖြစ်သတ် မှတ်ခဲ့သည်။

တစ်ဖက်တွင်လည်း တရုတ်သည် ဆိုက်ဘေးရီးယားစွမ်းအင်ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့များအပါအဝင် ရုရှား၏ စွမ်းအင်တင်ပို့မှုများနှင့် များပြာသည့် သဘာဝသယံဇာတများကို စျေးပေါပေါဖြင့် ဝယ်ယူရရှိပြီး အကျိုးဖြစ်ထွန်းခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း တရုတ်နှင့်ရုရှားအကြား ကုန်သွယ်မှုတန်ဖိုးသည် ဒေါ်လာ ၂၄၀ ဒသမ ၁ ဘီလျံရှိခဲ့ပြီး ယင်းသည် ၂၀၂၂ ခုနှစ်ကထက် ၂၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်များတွင် ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲမစတင်မီ ရက်ပိုင်းအလိုတွင် တရုတ်နှင့် ရုရှားသည် အကန့်အသတ်မရှိသည့် မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့ပြီး အနောက်နိုင်ငံများက ရုရှားကို လျစ်လျူရှုထားချိန်တွင် ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးများကို မြှင့်တင်ခဲ့သည်။

တရုတ်နိုင်ငံသည်လည်း ထိုင်ဝမ်အရေးအပါအဝင်များပြားသည့် အရေးကိစ္စများနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အခြားနိုင်ငံများ၏ ဝေဖန်မှုကိုခံခဲ့သည်။

အာရှ-ပစိဖိတ်ဒေသက အခြေအနေကို ဆွေးနွေးချိန်မှာ ရုရှားသမ္မတက ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတဲ့ သူ့ရဲ့သဘောထားကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်”ဟု ကရင်မလင်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် သက်ဆိုင်ရာနိုင်ငံများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားများ၊ အချုပ်အခြာအာဏာကို ကာကွယ်ရေးတို့တွင် မဟာဗျူဟာမြောက်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် ပြည်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုများကို ပြတ်သားစွာ ဆန့်ကျင်သင့်ကြောင်း ရှီကပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

ထို့ပြင် လာမည့်ရုရှားသမ္မတရွေးကောက်ပွဲတွင် ပူတင်အားအနိုင်ရရှိရန် ရှီက ဆုတောင်းပေးခဲ့သည်ဟုလည်း ကရင်မလင်က ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်သည် ရုရှားတွင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးကာလကို ရောက်ရှိနေသည်ကို ရှီက သိရှိထားပြီး မတ်လတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ပူတင်အား အနိုင်ရရန် ဆုတောင်းပေးခဲ့သည်ဟု အူရှာကော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံများ၏ ဖယ်ကြဉ်ခြင်းခံထားရသည့် ပူတင်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရှားပါးပြည်ပခရီးစဉ်အဖြစ် တရုတ်သို့သွားရောက်ခဲ့ပြီး ရှီနှင့်တွေ့ဆုံခဲ့သည်။

Ref: AFP

Most Read

Most Recent