အနောက်အုပ်စုခေါင်းဆောင်များသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို အနိုင်မရနိုင်ဟု သမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြား

အနောက်အုပ်စုခေါင်းဆောင်များသည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို အနိုင်မရနိုင်ဟု သမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြား
အမေရိကန်ဆွေးနွေးခန်းအစီအစဉ်၏အစီအစဉ်မှူးကာလ်ဆန်က သမ္မတပူတင်ကို အင်တာဗျူးနေပုံအား ဖေဖော်ဝါရီ ၆ ရက်တွင်တွေ့ရစဉ် (Photo-AFP)
အမေရိကန်ဆွေးနွေးခန်းအစီအစဉ်၏အစီအစဉ်မှူးကာလ်ဆန်က သမ္မတပူတင်ကို အင်တာဗျူးနေပုံအား ဖေဖော်ဝါရီ ၆ ရက်တွင်တွေ့ရစဉ် (Photo-AFP)
Published 9 February 2024
Ref:Reuters

အနောက်အုပ်စုခေါင်းဆောင်များသည် ရုရှားကို မဟာဗျူဟာမြောက်အနိုင်ရရန် မဖြစ်နိုင်ဆိုသည်ကို သဘောပေါက်ကြမည်ဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့်ကိစ္စတို့ကိုသာ စဉ်းစားထားရမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

ရုရှားသည် မိမိအကျိုးစီးပွားများအတွက် အဆုံးထိတိုက်ခိုက်သွားမည်ဖြစ်သော်လည်း ယူကရိန်းတွင် ဖြစ်ပွားနေသော စစ်ပွဲကို ပိုလန်၊ လတ်ဗီးယားစသော နိုင်ငံများအထိတိုးပြီး တိုက်ခိုက်သွားရန် စိတ်မဝင်စားဟု ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူး၌ ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်တွင် ရုရှားက ယူကရိန်းကို မကျူးကျော်မီ အမေရိကန် ဂျာနယ်လစ်တစ်ဦးနှင့် ပထမဆုံးအင်တာဗျူးတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ရှေ့မှာ အပြန်အလှန်ဆွေးနွေးရေးအတွက် အသင့်ဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဝေါစထရိဂျာနယ်၏ အမေရိကန်သတင်းထောက် အီဗန်ဂါ့ကိုဗစ်ချ်ကို ရုရှားတွင် တစ်နှစ်နီးပါးထိန်းသိမ်းထားပြီး သူလျှိုလုပ်မှု စွဲချက်များကို ရင်ဆိုင်ရန် စောင့်ဆိုင်းနေသောကြောင့် ၎င်းကို ပြန်လွှတ်ပေးရန် သဘောတူညီမှုမရနိုင်ဟုလည်း ပူတင်က ပြောကြားခဲ့သည်။

တက်ကာ ကာလ်ဆင်က အစီအစဉ်မှူးလုပ်သည့် ဆွေးနွေးခန်းတွင် နှစ်နာရီကျော်ကြာ အင်တာဗျူးရာ၌ ပူတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းအင်တာဗျူးကို ဖေဖော်ဝါရီ ၆ ရက်တွင် မော်စကိုမြို့၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ tuckercarlson.com တွင် ထုတ်လွှင့်ပေးခဲ့ခြင်းဖြစ်သည်။

ရုရှားစစ်သားများကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော ပိုလန်သို့ စေလွှတ်မည့်အနေအထားကို စဉ်းစားထားပါသလားဟု မေးမြန်းသည့်အခါ ပူတင်က “ပိုလန်က ရုရှားကို တိုက်မယ်ဆိုရင်တော့ ရုရှားစစ်သားတွေကို ပိုလန်ကို စေလွှတ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့က ပိုလန်ဖြစ်ဖြစ်၊ လတ်ဗီးယားဖြစ်ဖြစ်၊ အခြားဘယ်နိုင်ငံကိုဖြစ်ဖြစ် စိတ်မဝင်စားတာကြောင့်ဖြစ်ပါတယ်။ ပိုလန်ဆီ စစ်သားတွေ စေလွှတ်တာကို ကျွန်တော်တို့ ဘာကြောင့် လုပ်ရမှာလဲ။ ကျွန်တော်တို့မှာ ဘာအကျိုးစီးပွားမှ မရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

ပူတင်က ရုရှားဘာသာဖြင့်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ပူတင်၏ဖြေကြားချက်များကို အင်္ဂလိပ်ဘာသာဖြင့် စာတမ်းထိုးပေးခဲ့သည်။ ၎င်းသည် ယူကရိန်း၊ ပိုလန်၊ အခြားနိုင်ငံများနှင့် ရုရှားတို့၏ဆက်ဆံရေးများအကြောင်း ရှည်ရှည်လျားလျားပြောကာ အင်တာဗျူကို စတင်ခဲ့သည်။

ပူတင်က အင်တာဗျူး၏အရေးအကြီးဆုံးအပိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ယူကရိန်းသည် စစ်ပွဲရပ်သွာစေမည့် သဘောတူညီချက် ရလုနီးပါးအနေအထားကို ရောက်ရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ရုရှားတပ်များကို ကိယက်ဗ်မြို့အနီးမှ ရုပ်သိမ်းသွားသည်နှင့်တစ်ပြိုင်တည်း ယူကရိန်းသည် ဆွေးနွေးပွဲမှ နောက်ဆုတ်သွားခဲ့သည်ဟု ဆိုသည်။

“ရုရှားနဲ့ ဆွေးနွေးတာဟာ ပိုမကောင်းသွားဘူးလား။ ရုရှားနဲ့ သဘောတူညီချက်ရယူတာ မကောင်းဘူးလား။ အခုဖြစ်နေတဲ့ အခြေအနေကို နားလည်သွားပြီဆိုရင် ရုရှားဟာ သူ့အကျိုးစီးပွားတွေအတွက် အဆုံးထိ တိုက်သွားမယ်ဆိုတာ နာလည်သွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ 

Most Read

Most Recent