ဟူသီရ်တို့က ပင်လယ်နီတွင် အမေရိကန်နှင့် ဗြိတိန်သင်္ဘောများကို လောလော လတ်လတ် တိုက်ခိုက်မှုများ လုပ်ဆောင်

ဟူသီရ်တို့က ပင်လယ်နီတွင် အမေရိကန်နှင့် ဗြိတိန်သင်္ဘောများကို လောလော လတ်လတ် တိုက်ခိုက်မှုများ လုပ်ဆောင်
ပင်လယ်နီ၌ အမေရိကန်စစ်သင်္ဘောတစ်စီးခုတ်မောင်းနေပုံကို ဇန်နဝါရီ ၂၈ ရက်တွင် တွေ့ရစဉ်(Photo:AP)
ပင်လယ်နီ၌ အမေရိကန်စစ်သင်္ဘောတစ်စီးခုတ်မောင်းနေပုံကို ဇန်နဝါရီ ၂၈ ရက်တွင် တွေ့ရစဉ်(Photo:AP)
Published 7 February 2024

ယီမင်၏ဟူသီရ်သူပုန်များသည် ဖေဖော်ဝါရီ ၆ ရက်တွင် ကုန်သင်္ဘောနှစ်စီးထံ ဒုံးကျည်ခြောက်စင်းကို ပစ်လွှတ်ခဲ့ရာ သင်္ဘောတစ်စီး အနည်းငယ်ပျက်စီးသွားသည်ဟု သိရကြောင်း အမေရိကန်စစ်တပ်က ပြောကြား ခဲ့သည်။

ပင်လယ်နီအနီးတစ်ဝိုက် ခုတ်မောင်းနေသော သင်္ဘောများကို ဟူရ်သီကျူးကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းက  အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့၏ တိုက်ခိုက်မှုများကို ဦးတည်စေခဲ့ပြီး အမေရိကန်သည် လွန်ခဲ့သောရက်ပိုင်းတွင် ဟူရ်သီပစ်မှတ်များကို တိုက်ခိုက်ခဲ့သည်။

အမေရိကန်နှင့်ဗြိတိန်တို့က ဟူသီရ်သူပုန်တို့၏ ပစ်မှတ်များကို တတိယအကြိမ်မြောက် ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ခဲ့ပြီးနောက် သုံးရက်အကြာတွင် ဟူသီရ်၏ ယခုတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

“အီရန် ကျောထောက်နောက်ခံပြုဟူ သီရ်စစ်သွေးကြွတွေဟာ ယီမင်ရဲ့ဟူသီရ်ထိန်းချုပ်ထားတဲ့ နေရာတွေကနေ ပင်လယ်နီ  တောင်ပိုင်းနဲ့အေဒင်ပင်လယ်ကွေ့ဆီကို သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်(ASBM) ခြောက်စင်းကို ပစ်လွှတ်ခဲ့ပါတယ်” ဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာန(CENTCOM) က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒုံးကျည်သုံးစင်းသည် ဂရိပိုင်ဆိုင်ပြီး ဂရိလုပ်ကိုင်နေသော မာရှယ်ကျွန်းစုများ အလံတင် MV Star Nasia သင်္ဘောကို ချိန်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“သင်္ဘောအနီးမှာ ပေါက်ကွဲခဲ့တယ်လို့ MV Star Nasia သင်္ဘောက သတင်းပို့ခဲ့ပါတယ်။ အသေးစား ပျက်စီးတာတွေရှိခဲ့ပေမယ့် လူတွေ ဒဏ်ရာရတာမရှိပါဘူး” ဟု CENTCOM ကဖော်ပြခဲ့ပြီး နောက်ပိုင်းတွင် ပစ် လွှတ်ခဲ့သော ဒုတိယဒုံးကျည်သည် ယင်းသင်္ဘော၏အနီးကို ကျရောက်ခဲ့ပြီး တတိယ ဒုံးကျည်ကို အမေရိကန်ဖျက်သင်္ဘောက ပစ်ချခဲ့သည်ဟု ဆိုသည်။

အခြား ဒုံးကျည်သုံးစင်းသည် ဗြိတိန်ပိုင်၊ ဘာဘေးဒိုးအလံလွှင့်ထားသော MV Morning Tide သင်္ဘောကို ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်ဆိုသော်လည်း ယင်းဒုံးကျည်များသည် ပင်လယ်နီတွင် ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ပျက်စီးမှု မရှိဟု ဆိုသည်။

ပင်လယ်နီ၌ လုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုနှစ်ခုတွင် အမေရိကန်နှင့်ဗြိတိန်သင်္ဘောတို့ကို တိုက်ခိုက်ခဲ့သည်ဟု စောစောပိုင်းတွင် ဟူသီရ်က ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် ကမ္ဘာ့လုံးဆိုင်ရာ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးကို အနှောင့်အယှက်ပေးခဲ့သော တိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာထဲက နောက်ဆုံး တိုက်ခိုက်မှုများဖြစ်သည်။

သင်္ဘောဖြင့်ကုန်ဆောင်ပို့ဆောင်သော အပြည်ပြည်ဆိုင်ရာ ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းသည် ပင်လယ်နီကို ဖြတ်သန်းခြင်းဖြစ်သောကြောင့် ပင်လယ်နီသည် အရေးပါသော ရေလမ်းကြောင်းဖြစ်သည်ဟု သိရသည်။      

ဟူသီရ်သူပုန်တို့က တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားထားရာ ယင်းသည်အစ္စရေး-ဟားမာ့စ်စစ်ပွဲနှင့်ဆက်စပ်ပြီး အရှေ့အလယ်ပိုင်း၌ အကျပ်အတည်းကြီးထွားလာမှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်လာခဲ့သည်။ ပင်လယ်နီ၌ ဟူသီရ်တို့၏ တိုက်ခိုက်မှုများက အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများကို မြင့်တက်လာစေခဲ့ပြီး အီရန်တိုက်ရိုက်ပါဝင်ပတ်သက်လာသည့် ပိုမိုကျယ်ပြန့်သော စစ်ပွဲတစ်ရပ်ဖြစ်ပွားလာ မည့် စိုးရိမ်မှုများလည်းပေါ်ပေါက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၆ ရက်တွင် လုပ်ဆောင်ခဲ့သည့် ပထမအကြိမ် တိုက်ခိုက်မှုသည် အမေရိကန်သင်္ဘော ှStar Nasia ကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး အခြားတိုက်ခိုက်မှုသည် ဗြိတိန်သင်္ဘော Morning Tide  ကို ပစ်မှတ်ထားခဲ့ ခြင်းဖြစ်သည်ဟု ဟူသီရ်ပြောရေးဆိုခွင့်ရှိသူ ယာရာဆာရီးက ပြောကြားခဲ့သည်။

ရန်လိုသော အမေရိကန်-ဗြိတိန် ပစ်မှတ်အားလုံးကို ထပ်မံတိုက်ခိုက်သွားမည်ဟု ၎င်းကပြောကြားခဲ့သည်။                    Ref:AFP

Most Read

Most Recent