ယူကရိန်းထောက်ပံ့ရေး ဥပဒေကြမ်းကို အတိုက်အခံလုပ်ခြင်းသည် ပူတင်လိုချင်သော အကွက်အတွင်း ဝင်သွားခြင်းဖြစ်လိမ့်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေး

ယူကရိန်းထောက်ပံ့ရေး ဥပဒေကြမ်းကို အတိုက်အခံလုပ်ခြင်းသည် ပူတင်လိုချင်သော အကွက်အတွင်း ဝင်သွားခြင်းဖြစ်လိမ့်မည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေး
ဖေဖော်ဝါရီ ၆ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သည့် Black History Month  အခမ်းအနား၌ သမ္မတဂျိုးဘိုင်ဒင် ပြောကြားနေပုံကို တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၆ ရက်က အိမ်ဖြူတော်၌ ပြုလုပ်သည့် Black History Month  အခမ်းအနား၌ သမ္မတဂျိုးဘိုင်ဒင် ပြောကြားနေပုံကို တွေ့ရစဉ်(Photo:AFP)
Published 7 February 2024

ရုရှားကျူးကျော်မှုကို ယူကရိန်းတိုက်ထုတ်ခြင်းအတွက် ငွေကြေးထောက်ပံ့ခြင်းကို ကွန်ဂရက်က သက်တမ်းတိုးရန် ပျက်ကွက်မည်ဆိုပါက ကွန်ဂရက်သည် ရုရှားလိုချင်သော အကွက်အတွင်း ဝင်သွားလိမ့်မည်ဟု ဖေဖော်ဝါရီ ၆ ရက်တွင် သမ္မတဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပြီး နိုင်ငံရေးကိစ္စများနှင့်အမျိုးသားလုံခြုံရေးကို ကစားနေသည့်အတွက် ဒေါ်နယ်ထရန့်ကို ၎င်းက အပြစ်တင်ခဲ့သည်။

အမေရိကန်ဆီးနိတ်သည် ဖေဖော်ဝါ ရီ ၄ ရက်တွင် အမေရိကန်ဒေါ်လာ ၁၁၈ ဘီလျံရှိသည့် နယ်စပ်လုံခြုံရေးဆိုင်ရာနှစ်ပါတီ ဥပဒေကြမ်းတစ်ရပ်ကို တင်ပြခဲ့သည်။  လပေါင်းများစွာ ဆွေးနွေးခဲ့သော အဆိုပါ  ဥပဒေကြမ်းတွင် ယူကရိန်းနှင့် အစ္စရေးတို့အတွက် အကူအညီများလည်း ပါဝင်လျက်ရှိသည်။

ယူကရိန်းထောက်ပံ့ငွေဘီလျံ၆ဝနှင့် အခြားသော အမျိုးသားလုံခြုံရေးကိစ္စများကို တင်းကျပ်သည့် နယ်စပ်လုံခြုံရေးအစီအမံသစ်များဖြင့် အပေးအယူလုပ်ထားသည့် နှစ်ပါတီ ဆီးနိတ်သဘောတူညီချက်ကို ရီ ပတ်ဘလီကင်များက ငြင်းပယ်ကြရန် ဖေဖော်ဝါရီ ၅ ရက်တွင် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က တိုက်တွန်းထားသည်။

“ကျွန်တော်တို့ ရှောင်ထွက်သွားလို့ မရပါဘူး။ ပူတင်က ကျွန်တော်တို့ ရှောင်ထွက်သွားတာကို လိုချင်နေတာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ထောက်ခံတာဟာ ပူတင်ကို ရင်ဆိုင်နေတာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ဆန့်ကျင်တာဟာ သူ့လက်သူ့ခြေအတိုင်း ကစားနေတာဖြစ်နေပါလိမ့်မယ်”ဟု ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

ဥပဒေကြမ်း၏ လူဝင်မှုကြီးကြပ်ရေးအပိုင်း၌ နယ်စပ်လုံခြုံရေးအတွက် အပြင်းထန်ဆုံးသော ပြုပြင်ပြောင်းလဲရေးကိစ္စများ ပါဝင်လျက်ရှိသည်။

အနောက်အုပ်စုလိုလားသော ယူကရိန်းအတွက် အမေရိကန်အကူအညီများ သက်တမ်းတိုးရေးဆိုသည့် အခြေအနေတစ်ရပ်အဖြစ် လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုကို အလေးထားပြောကြားနေသည့်တိုင် ငွေကြေး ပမာဏများပြားသည့် ဥပဒေကြမ်းအတည်ပြုနိုင်ရေးကိစ္စတွင် ဒီမိုကရက်များကို မိမိတို့အ ကူအညီပေးလိမ့်မည်မဟုတ်ဟု ပြတ်ပြတ်သားသားပြောကြားခြင်းဖြင့် ထရန့်၏ဖိအားပေးမှုကို ရီပတ်ဘလီကင်တို့က ယခုအခါ တုံ့ပြန်လိုက်ပြီဖြစ်သည်။

ရီပတ်ဘလီကင်တို့၏ တုံ့ပြန်မှုကြောင့်  ယူကရိန်းသည် သုံးနှစ်အတွင်း ဝင်ရောက်လာပြီဖြစ်သည့် ရုရှား၏ အင်ပြည့်အားပြည့်ကျူးကျော်မှုကို ခုခံရာတွင် အလွန်အမင်းလိုအပ်နေသော လက်နက်နှင့် ခဲယမ်းများ ရရှိရန် အခွင့်အရေးနည်းပါးသွားမည်ဖြစ်သည်။

၀ါရင့်ရီပတ်ဘလီကင် အထက်လွှတ်တော်အမတ်များနှင့် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များက ကနဦး သဘောတူညီချက်ရယူထားသည့်တိုင် ယင်းအနေအထားက အမေရိကန်-မက္ကဆီကို နယ်စပ် တင်းတင်းကြပ်ကြပ်ပိတ်ထားရေးနှင့် အထောက်အထားမဲ့ ရွေ့ပြောင်းများဝင်မလာစေရေးအတွက် အကြိတ်အနယ် ဆွေးနွေးထားသော အစီအမံများကို စွန့်လွှတ်ပစ်ရလိမ့်မည့် သဘောလည်း သက်ရောက်စေသည်။

ယခုကိစ္စတွင် ဥပဒေကြမ်းကို ဥပဒေဖြစ်လာအောင် မိမိတို့လုပ်ပေးလိမ့်မည်မဟုတ်ဟု ရီပတ်ဘလီကင် လူများစုခေါင်းဆောင် မစ်ချ်မက်ကောနယ်က ပြောကြားခဲ့သည်။

                                                          Ref:AFP

Most Read

Most Recent