တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများ ပြုလုပ်သည်ဟု တွေ့ရှိရခြင်းကြောင့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ဆိုသူ ဦးကျော်လွင်အား ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်

တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများ ပြုလုပ်သည်ဟု တွေ့ရှိရခြင်းကြောင့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ဆိုသူ ဦးကျော်လွင်အား ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်
Published 7 February 2024

တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ် တွေ့ရှိရခြင်းကြောင့် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်ဆိုသူ ဦးကျော်လွင်အား ကော့သောင်းခရိုင်တရားရုံးက ဖေဖော်ဝါရီ ၇ ရက်တွင် ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် (၂၅၀)နေ ဦးကျော်လွင် သည် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ ပြုလုပ်ခြင်း၊ ယင်းတရားမဝင် လောင်းကစားမှုများမှရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်းလဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာ တွေ့ရှိရခြင်းများကြောင့် ၎င်းကို ဖေဖော်ဝါရီ ၇ ရက်တွင် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်ဆင့်ထားကြောင်း နစက က ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် သူဌေးကျွန်းဟိုတယ်ပိုင်ရှင်နှင့် လုပ်ငန်းရှင်အချို့၏ ပိုင်ဆိုင်မှုများ သိမ်ဆည်းခံရပြီးနောက် မြန်မာနိုင်ငံတွင်လည်း သူဌေးကျွန်းဟိုတယ်နှင့် ရွှေဝက်ဝံတံတားအား တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားခံယူထားသူ သူဌေးကျွန်းဟိုတယ်ပိုင်ရှင် ဦးကျော်လွင် (ထိုင်းအမည် မစ္စတာဖု)အား ဖေဖော်ဝါရီ ၁ ရက်က ထိုင်းနိုင်ငံတွင် ဖမ်းဝရမ်းထုတ်ပြီး ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဦးကျော်လွင်အပါအဝင် လုပ်ငန်းရှင် ၁၈ ဦးသည် အွန်လိုင်းလောင်းကစားမှု၊ လောင်စာဆီတင်ပို့မှုမှ အခွန်လိမ်လည်မှု၊ ငွေမည်းကိစ္စများဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီး လက်ရှိတွင် လုပ်ငန်းရှင်ခုနစ်ဦးအား ဖမ်းဆီးရမိထားသည်ဟု ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့များက တစ်နိုင်ငံလုံးရှိနေရာ ၂၇ ခုအား တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပြီး ထိုင်းဘတ်ငွေဘီလျံနှင့်ချီသည့်ငွေသားများ၊ လက်ဝတ်ရတနာများ၊ ကားများကို သိမ်းဆည်းထားပြီး လက်ရှိတွင် ဦးကျော်လွင် (ခ) မစ္စတာဖုဆိုသူအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် သူဌေးကျွန်းဟိုတယ်၌ လုံခြုံရေးဝန်ထမ်းများ၊ ဟိုတယ်အခန်းဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး ဝန်ထမ်းများရှိနေကြောင်း၊ အွန်လိုင်းကာစီနိုနှင့် တခြားအပန်းဖြေနေရာများ ရပ်ထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။ 

Most Read

Most Recent