သိမ်မွေ့သော သံတမန်ရေးမှတစ်ဆင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြား

သိမ်မွေ့သော သံတမန်ရေးမှတစ်ဆင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြား
Published 6 February 2024
Ref:AP

သိမ်မွေ့သော သံတမန်ရေးမှတစ်ဆင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အလောင်ကွန်းခစ်တီခွန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ ကိုယ်စား မိန့်ခွန်းပြောကြားရာ၌ ခစ်တီခွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် သိမ်မွေ့သော သံတမန်ရေးမှတစ်ဆင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်သွားမည်ဟု ခစ်တီခွန်းက ပြောကြားခဲ့ကြောင်း အမည်မဖော်လိုသူ လုံခြုံရေးကောင်စီသံတမန်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အစည်းအဝေးသည် သီးသန့်အစည်းအဝေးဖြစ်သောကြောင့် လုံခြုံရေးကောင်စီအစည်းအဝေးနှင့်နီးစပ်သော သံတမန်သည် ၎င်း၏အမည်ကို ပြောကြားခြင်း မပြုပေ။

အလောင်ကွန်းခစ်တီခွန်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူခဲ့သော လာအိုနိုင်ငံက ခန့်အပ်ခဲ့သည့် လာအိုသံတမန်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။

၀ါရင့်သံတမန်ဖြစ်သော ခစ်တီခွန်းသည် ကုလသမဂ္ဂသံအမတ်ဟောင်း တစ်ဦးလည်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလထဲတွင် အာဆီယံက ချမှတ်ခဲ့သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘုံသဘောတူညီချက်ငါးရပ်ကို အထောက်အကူဖြစ်စေရန် လာအိုက ဆောင်ရွက်မည့် အဆင့်များကို ဖေဖော်ဝါရီ ၅ ရက် လုံခြုံရေးကောင်စီ အစည်းအဝေးက ခစ်တီခွန်ထံမှ စိတ်ဝင်တစား နားထောင်ခဲ့သည်။

အစည်းအဝေးမစတင်မီ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ကိုးနိုင်ငံ၏သံတမန်များသည် ဗြိတိန်၏ကုလသမဂ္ဂ သံအမတ် ဘာဘရာဝုဒ်ဝါ့ ဖတ်ကြားသော ထုတ်ပြန်ချက်ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် သတင်းထောက်များ၏ ရှေ့တွင် မတ်တပ်ရပ်ခဲ့သည်။

အရပ်သားများကို တိုက်ခိုက်မှုများ ရပ်ဆိုင်းရမည်ဟု ဆော်သြထားသော အာဆီယံ၏ တောင်းဆိုချက်ကို ဘာဘရာဝုဒ်ဝါ့၏ ထုတ်ပြန်ချက်တွင် ထပ်မံဖတ်ကြားခဲ့သည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ပြည်သူ ၁၈ သန်းကျော်သည် လူသားချင်းစာနာမှုအကူအညီများလိုအပ်လျက်ရှိပြီး ပြည်သူ ၂ ဒသမ ၆ သန်းသည် နေရပ်စွန့်ခွာနေရဆဲ ဖြစ်သည်ဟု လုံခြုံရေးကောင်စီအဖွဲ့ဝင်ကိုးနိုင်ငံဖြစ်သော အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လ်၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့က ပြောကြားခဲ့သည်။

ထိုင်းသည် မြန်မာနိုင်ငံကိုလူသားချင်း စာနာမှုဆိုင်ရာအကူအညီများပေးရန် အစီအစဉ်များချမှတ်ကာ ဦးဆောင်လှုပ်ရှားနေပြီဟု ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် လာအိုနိုင်ငံခြားရေးဝန်ကြီး ဆူလမ်ဇေကွမ်မာဆစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ပိုမိုကောင်းမွန်သည့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရေးအခွင့်အလမ်းကို ကိုးနိုင်ငံက ထပ်လောင်းတောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့်နယ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်က အခြေအနေကိုလည်း စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီအဖွဲ့ဝင်ကိုးနိုင်ငံက ဖော်ပြခဲ့သည်။

ခီယာရီသည် နိုင်ငံရေးအခြေအနေ၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတို့နှင့်စပ်လျဉ်းသည့် နောက်ဆုံးအခြေအနေတို့ကို တင်ပြခဲ့သည်။

၎င်းသည် အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်၏ ဇန်နဝါရီ  ၃၁ ရက် ထုတ်ပြန်ချက်တွင် ပါဝင်သည့် အဓိကအချက်များကို ထပ်လောင်းတင်ပြခဲ့သည်။

အတွင်းရေးမှူးချုပ်၏ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှု ပုံစံမျိုးစုံကို ရှုတ်ချထားပြီး အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် တိုက်ပွဲများရပ်ရန် တောင်းဆိုထားသည်။

Most Read

Most Recent