ရတနာတောင် ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး ၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ သို့ ဘုရားဖူးပြည်သူ အများအပြား လာရောက်

ရတနာတောင် ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး ၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ သို့ ဘုရားဖူးပြည်သူ အများအပြား လာရောက်
Published 4 February 2024
ဘိုဘိုမြင့်

ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန်တောရကျောင်းတိုက်၊ ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာတော်ဘုရားကြီး ၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ အများအပြား လာရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းစိန်တောရဆရာတော်ဘုရားကြီး၏ မွေးနေ့ပူဇော်ပွဲအထိမ်းအမှတ်အဖြစ် မွေးနေ့စေတီ နှစ် ဆူအား ထီးတော်တင်လှူခြင်း၊ ဧည့်ဆောင်အသစ် ဖွင့်လှစ်ခြင်း၊ ကျေးဇူးတော်ရှင် ဝင်းစိန်တောရဆရာတော်ကြီး နှင့် သာသနာပြုဖော် ပုဂ္ဂိုလ် (၃၄) ပါး၊ (၁၀) တောင်၊ (၁၂) တောင် ဘိုးဘိုးတို့ကို ပုဂ္ဂိုလ်ဆွမ်းကပ်ခြင်း နှင့် ကောင်းမှုကုသိုလ်အစုစုကို ရေစက်သွန်းချအမျှဝေခြင်း စသည့် အစီအစဉ်များ ပြလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဝင်းစိန်တောရဆရာတော်ကြီး ရုပ်ခန္ဓာကို ဆရာတော်ကြီး မိန့်တော်မူခဲ့သည့်အတိုင်း သင်္ကန်းတော်လဲခြင်းကို ပြုလုပ်ခဲ့ကြောင်း နှင့်  ပင့်ကျောင်း (၁၂၀) မှ ဆရာတော်ကြီးများအား ဆွမ်း၊ နဝကမ္မအလှူငွေများ နှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

ထို့အပြင် ဝင်းစိန်တောရ ဆရာတော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက်မွေးနေ့ပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် ဒါယိကာ၊ ဒါယိကာမများ၊ အလှူရှင်များကလည်း စတုဒီသာမဏ္ဍပ် (၃၀) ကျော်ဖြင့် စတုဒီသာများ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

ဆရာတော်ဘုရားကြီးရဲ့ မွေးနေ့ပူဇော်ပွဲကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ အများကြီးလာကြတယ်။ ကျောင်းဝင်းကြီးတစ်ခုလုံး လူတွေနဲ့ပြည့်လျှံနေတယ်။ စတုဒီသာကျွေးမွေးနေတဲ့ မဏ္ဍပ်တွေမှာလည်း လူတွေက ကြိတ်ကြိတ်တိုးနေရောဘဲ။ ကားလမ်းတွေလည်း ပိတ်ကုန်တယ် ဟု မော်လမြိုင်မြို့မှ အလှူရှင်တစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး နှစ်စဉ် ဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲရောက်တိုင်း စတုဒီသာအလှူပြုလုပ်ကြောင်း နှင့် ယခုကဲ့သို့ လှူဒါန်းပေးရသည့်အတွက် အလွန်ဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ရတနာတောင်ဝင်းစိန်တောရကျောင်းတိုက် ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကေသရ မှာ (၂၀၁၅) ခုနှစ် ဧပြီလ (၂၆) ရက် မွန်းလွဲ (၁) နာရီ (၃၀) မိနစ်က ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ဘဝနတ်ထံပြန်လွန်တော်မူသွားခဲ့ကြောင်း၊ ပျံလွန်တော်မူစဉ် သက်တော် (၉၅) နှစ်၊ ဝါတော် (၄၅) ဝါရှိကြောင်း၊ ဆရာတော်ကြီး၏ ရတနာတောင်ဝင်းစိန်တောရ သာသနာ့နယ်မြေအတွင်း သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ရာတွင် စေတီပုထိုးပေါင်း (၆၀၀) ကျော်ရှိသည့်အနက် အတောင် (၄၀၀) ပြည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးမှာ အထင်ရှားဆုံးဖြစ်ပြီး၊ သာသနိကအဆောက်အဦးပေါင်း (၃၀) ကျော်ကိုလည်း တည်ထားလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆရာတော်ကြီး၏ ဇာတိရွာဖြစ်သော မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် ပေ (၁၈၀) ရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူကိုလည်း တည်ထားလျှက်ရှိပြီး၊ မုဒံဒမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင်လည်း ရွာတစ်ရွာလျှင် ရေကန်တစ်ကန် နှင့် ဘုရားတစ်ဆူတည်ထားလှူဒါန်းခဲ့သည့်အပြင် စာသင်ကျောင်းများတည်ထောင်လှူဒါန်းခြင်း၊ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်လှူဒါန်းခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

 

Most Read

Most Recent