မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စစ်သင်္ဘောများထုတ်လုပ်သည့် သင်္ဘောကျင်းတစ်ခုသို့ သွားရောက်စစ်ဆေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က စစ်သင်္ဘောများထုတ်လုပ်သည့် သင်္ဘောကျင်းတစ်ခုသို့ သွားရောက်စစ်ဆေး
ဖေဖော်ဝါရီ ၂ ရက်က နမ်ဖိုသင်္ဘောကျင်းသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်(Photo: AFP)
ဖေဖော်ဝါရီ ၂ ရက်က နမ်ဖိုသင်္ဘောကျင်းသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (လယ်) ကို တွေ့ရစဉ်(Photo: AFP)
Published 2 February 2024

မြောက်ကိုရီးယားနိုင်ငံသည် စစ်ပွဲအတွက်ပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ခေါင်းဆောင်ကင်ဂျုံအွန်သည် ၎င်း၏ ရေတပ်အင်အားကို မြှင့်တင်ရန်တွန်းအားပေးသည့်အနေဖြင့် သင်္ဘောကျင်းတစ်ခုသို့ သွားရောက်ပြီး စစ်သင်္ဘောများကို စစ်ဆေးကြည့်ရှုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂ ရက်တွင် ဖော်ပြခဲ့သည်။

မကြာသေးမီသီတင်းပတ်များအတွင်း ကင်သည် တောင်ကိုရီးယားကို မြောက်ကိုရီးယား၏ အဓိကရန်သူအဖြစ် ကြေညာခဲ့ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် အေဂျင်စီများနှင့်လည်း အဆက်အသွယ်ဖြတ်တောက်ကာ မြောက်ကိုရီးယား၏နယ်မြေကို ကျူးကျော်လာခဲ့မည်ဆိုပါက စစ်ပွဲဆင်နွှဲသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

မကြာသေးမီကလည်း ရေငုပ်သင်္ဘောတစ်စင်းမှ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် အသစ်တစ်စင်း စမ်းသပ်မှုကို ကင်က ချီးကျူး ခဲ့ပြီး ထိုစမ်းသပ်မှုသည် မြောက်ကိုရီးယားရေတပ်အင်အား၏ တိုးတက်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရေတပ်အင်အားကို မြှင့်တင်တာဟာ နိုင်ငံရဲ့ပင်လယ်ရေကြောင်း အချုပ်အခြာကို ကာကွယ်ဖို့နဲ့ စစ်ပွဲအတွက် ပြင်ဆင်မှုတွေကို မြှင်တင်ဖို့ အရေးအကြီးဆုံး လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်”ဟု ကင်က နမ်ဖို သင်္ဘောကျင်း တွင် ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်ရေးသည် ၂၀၂၁ ခုနှစ်က ပါတီညီလာခံတွင် ထုတ်ဖော်ပြောကြားခဲ့သည့် ကင်၏ မဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ရေးစာရင်းတွင် ပါဝင်ခဲ့သည်။

ထို့ပြင် ကင်သည် ဟိုက်ပါဆောနစ် ဒုံးကျည်၊ ကင်းထောက်ဂြိုဟ်တုများ၊ လောင်စာတောင့်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံကျည်များကိုလည်း ပိုင်ဆိုင်ရန်ကင်က မျှော်မှန်းထားသည်။

ပြုံယမ်းမြို့တော် အနောက်တောင်ဘက် ၆၅ ကီလိုမီတာအကွာတွင် တည်ရှိသည့် နမ်ဖိုသင်္ဘောကျင်းသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ကင်က အာဏာရပါတီကို တာဝန်ပေးထားသည့် ကြီးမားသည့် အစီအစဉ်တစ်ခုအတွက် ပြင်ဆင်မှုများအပါအဝင် စစ်သင်္ဘောအများအပြားတည်ဆောက်နေမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များကို နားထောင်ခဲ့သည်။

အာဏာရပါတီကို တာဝန်ပေးထားသည့် အစီအစဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ကင်၏ နမ်ဖိုသင်္ဘောကျင်းခရီးစဉ် ပေါ်ပေါက်ခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့မှာပင် မြောက်ကိုရီးယားက အနောက်ပင်လယ်အတွင်းသို့ ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS)က ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီဝန်းကျင်ခန့်က အမျိုးအမည် မသိရသည့် ခရုဇ်ဒုံးကျည်များကို နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှ ပင်လယ်အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း JCS က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ဟု ပြောကြားထားသည့် လက်နက်ကို စမ်းသပ်ခဲ့ပြီးနောက် သုံးရက်အကြာမှာပင် ယခုကဲ့သို့ ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 Ref: AFP

Most Read

Most Recent