UNRWA  သည် ဂါဇာဒေသ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ကျောရိုးဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ပြောကြား

UNRWA  သည် ဂါဇာဒေသ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ကျောရိုးဖြစ်ကြောင်း ကုလအတွင်းရေးမှူးချုပ် ပြောကြား
ဇန်နဝါရီ ၂၃ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို တွေ့ရစဉ် (Photo:AFP)
ဇန်နဝါရီ ၂၃ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို တွေ့ရစဉ် (Photo:AFP)
Published 1 February 2024

ကုလသမဂ္ဂ၏ ပါလက်စတိုင်း ဒုက္ခသည် အေဂျင်စီ UNRWA သည် ဂါဇာဒေသ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ကျောရိုးတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

 အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများတွင် UNRWA  ဝန်ထမ်း ၁၂ ဦးပါဝင်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီးနောက် နိုင်ငံအချို့က UNRWA  ကို ရန်ပုံငွေထောက်ပံ့မှုကို ဆိုင်းငံ့ခဲ့သည်။

“မနေ့က ကျွန်တော်အလှူရှင်တွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ စိုးရိမ်မှုတွေကို နားထောင်ခဲ့ပြီး အဲဒီစိုးရိမ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို အကြမ်းဖျင်းဖော်ပြဖို့ လုပ်ဆောင်ခဲ့ပါတယ်။ UNRWA  ဟာ ဂါဇာဒေသမှာ လူ သားချင်းစာနာထောက်ထားမှု အားလုံးအတွက် ကျောရိုးတစ်ခုဖြစ်ပါတယ်”ဟု ဂူတာရက်စ်က ပါလက်စတိုင်းအခွင့်အရေးဆိုင်ရာ ကော်မတီတွင် ပြောကြားခဲ့သည်။

UNRWA ကို ရန်ပုံငွေထောက်ပံ့မှုများ ဆိုင်းငံ့ခြင်းသည် အန္တရာယ်များပြီး ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှု စနစ်ကို ပြိုလဲစေလိမ့်မည်ဟု ဂူတာရက်စ်က ဇန်နဝါရီ ၃၀ ရက်က ပြောကြားခဲ့သည်။

UNRWA သည် ဂါဇာဒေသအတွင်းရှိ ၎င်းတို့၏ အခြေခံအဆောက်အအုံများကို ဟားမာ့စ်အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများအတွက် အသုံးပြုခွင့်ပေးနေကြောင်း အစ္စရေးက စွပ်စွဲခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင် ထိုပြဿနာသည် ပိုမိုကြီးမားလာခဲ့သည်။

UNRWA ကမူ ဟားမာ့စ်တို့၏ တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်ဟု အစ္စရေးက စွပ်စွဲခဲ့သည့် ၎င်းတို့အေဂျင်စီ၏ ဝန်ထမ်း ၁၂ ဦးကို ချက်ချင်းအရေးယူခဲ့ကြောင်း ပြောကြားခဲ့သည်။

အစ္စရေး၏ စွပ်စွဲချက်ကြောင့် UNRWA  ကို ရန်ပုံငွေထောက်ပံ့မှုရပ်ဆိုင်းခဲ့သည့် နိုင်ငံများထဲတွင် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနှင့် ဂျပန်နိုင်ငံတို့လည်း ပါဝင်ခဲ့သည်။

UNRWA သည် အစ္စရေး၏ စေ့စေ့စပ်စပ် စစ်ဆေးမှုများကို ကာလကြာရှည်ခံခဲ့ရပြီး ထိုအေဂျင်စီသည် အစ္စရေး၏ အကျိုးစီးပွားများကို စနစ်တကျ ဆန့်ကျင်နေကြောင်း အစ္စရေးက စွပ်စွဲခဲ့သည်။

စစ်ပွဲပြီးဆုံးသည့်အချိန်တွင် ထိုအေဂျင်စီကို ဂါဇာဒေသတွင် အလုပ်လုပ်ခွင့် ရပ်တန့်မည်ဖြစ်ကြောင်းနှင့် UNRWA သည် အခြေ ခံအားဖြင့် ယုံမှားမကင်းခံခဲ့ရကြောင်း အစ္စရေး အစိုးရပြောရေးဆိုခွင့်ရှိသူ အေလွန် လယ်ဗီက ပြောကြားခဲ့သည်။

UNRWA  သည်အကြမ်းဖက်သမားများကို ငှားရမ်းနေပြီး ဟားမာ့စ်အဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများအတွက် ၎င်းတို့ အေဂျင်စီ၏ အခြေခံအဆောက်အအုံများကို အသုံးပြုခွင့်ပေးခဲ့ကာ ဂါဇာကမ်းမြောင်ဒေသတွင် ကူညီထောက်ပံ့မှုများ ပျက်ယွင်းစေရန် ဟားမာ့စ်အဖွဲ့အပေါ် မှီခိုအားထားနေကြောင်း ၎င်းက စွပ်စွဲခဲ့သည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကြီးအကဲ မာတင်ဂရစ်ဖစ်သ်စ်က UNRWA နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖွဲ့စည်းပုံအရ ဂါဇာဒေသကို အကူအညီအထောက်အပံ့များ ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်က ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အစ္စရေးတွင် လူပေါင်း ၁၁၄၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေး၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၂၆၉၀၀ ခန့် သေဆုံးခဲ့သည်။ Ref:AFP

Most Read

Most Recent