တရုတ်-အမေရိကန် ဖန်တနိုင်းမူးယစ်ဆေး ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်

တရုတ်-အမေရိကန် ဖန်တနိုင်းမူးယစ်ဆေး ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်
Photo - AFP
Photo - AFP
Published 30 January 2024

ဇန်နဝါရီ ၃၀ ရက်က တရုတ်နှင့် အမေရိကန်တို့သည် ဖန်တနိုင်းမူးယစ်ဆေး ထုတ်လုပ်သည့် ပါဝင်ပစ္စည်းများ ထုတ်လုပ်မှုကို ထိန်းချုပ်ဟန့်တားမည့် ဆွေးနွေးမှုများကို ပြန်လည်စတင်ခဲ့သည်။

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံသည် အငြင်းပွားနေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ထိခိုက်နေသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပြန်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။

ဘိန်းဖြူထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည့် ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသော ဖန်တနိုင်းမူးယစ်ဆေးကြောင့် အမေရိကန်ပြည်ထောင်စုတွင် မူးယစ်ဆေးစွဲမှုကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ပြီး နှစ်စဉ်ဆေးလွန်မှုကြောင့် လူတစ်သိန်းခန့် သေဆုံးနေရသည်ဟု အမေရိကန်တာဝန်ရှိသူများက ဆိုသည်။

အမိမြေလုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး ဂျန်ဒက်စကယ်ဦးဆောင်သည့် အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်က ပေကျင်းသို့ ရောက်ရှိလာခဲ့ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စိစစ်အကြံပြုရေးအဖွဲ့၏ အဖွင့်အစည်းအဝေး ပြုလုပ်ခဲ့သည်။

၎င်းနှင့်အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေး ဝန်ကြီးဌာနနှင့် တရားရေးဌာနတို့မှ အဆင့်မြင့်တာဝန်ရှိသူများလည်း အတူလိုက်ပါလာခဲ့သည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုံက ပေကျင်းမြို့ရှိ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် ဒက်စကယ်ကို ကြိုဆိုခဲ့ပြီးနောက် ဒက်စကယ်က လူထောင်ပေါင်းများစွာကို သေဆုံးစေသည့် ဓာတုဗေဒနည်းဖြင့် ဖန်တီးထားသော မူးယစ်ဆေးဝါးများ၏ အန ္တရာယ်ကို အလေးအနက် ပြောကြားခဲ့သည်။

"သမ္မတကြီးက အရေးပါတဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့တာဟာ ဒီကိစ္စရပ်က အမေရိကန် ပြည်သူတွေအတွက် ဘယ်လောက်အရေးပါသလဲ ဆိုတာကို မီးမောင်းထိုးပြနေတယ်" ဟု ၎င်းက ဆိုသည်။

ဝမ်ကလည်း တရုတ်-အမေရိကန် စိစစ်အကြံပြုရေးအဖွဲ့ ထူထောင်ခြင်းသည် ယမန်နှစ်က နှစ်နိုင်ငံသမ္မတနှစ်ဦးအကြား ရရှိခဲ့သည့် အရေးပါသော ဘုံသဘောတူညီမှုကို ကိုယ်စားပြုကြောင်း ပြန်လည်ပြောကြားခဲ့သည်။

"တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ပူးပေါင်းဆောင်ရွက်မှုကြောင့် အကျိုးဖြစ်ထွန်းပြီး ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်စေတာကို မိမိတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ထပ်မံသက်သေပြလိုက်တာဖြစ်တယ်" ဟု ၎င်းက ဆိုသည်။ အဆိုပါနေ့ အစောပိုင်းက ပြုလုပ်ခဲ့သည့် တရုတ်-အမေရိကန် အလုပ်သဘောအဆင့် ဆွေးနွေးမှုများသည် နက်နဲပြီး လက်တွေ့ကျသည့် ဆွေးနွေးမှုများ ဖြစ်ခဲ့သည်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ Ref: AFP 

 

Most Read

Most Recent