မြောက်ကိုရီးယားက တစ်လအတွင်း တတိယအကြိမ် ခရုစ်ဒုံးကျည်စမ်းသပ်မှုများပြုလုပ်

မြောက်ကိုရီးယားက တစ်လအတွင်း တတိယအကြိမ် ခရုစ်ဒုံးကျည်စမ်းသပ်မှုများပြုလုပ်
ဇန်နဝါရီ ၂၈ ရက်ကပြုလုပ်သည့် ရေငုပ်သင်္ဘောမှပစ်လွှတ်သော မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်စမ်းသပ်မှုကို ကင်ဂျုံအွန် ကြည့်ရှုစစ်ဆေးနေစဉ်(Photo: AFP)
ဇန်နဝါရီ ၂၈ ရက်ကပြုလုပ်သည့် ရေငုပ်သင်္ဘောမှပစ်လွှတ်သော မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်စမ်းသပ်မှုကို ကင်ဂျုံအွန် ကြည့်ရှုစစ်ဆေးနေစဉ်(Photo: AFP)
Published 30 January 2024

ဇန်နဝါရီ ၃၀ ရက်က မြောက်ကိုရီးယားသည် ၎င်းတို့၏ အနောက်ဘက်ကမ်းလွန်ရေပြင်ထဲသို့ ခရုစ်ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ပြိုင်ဘက်နိုင်ငံများ၏ ခံစစ်အကာအကွယ်များကို ဖြိုဖျက်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် လက်နက်များကို ထုတ်ဖော်ပြသမှုများ ဆက်တိုက်ပြုလုပ်နေပြီး ယင်းလက်နက်စမ်းသပ်မှုများကို ယခုလအတွင်း တတိယအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီဝန်းကျင်တွင် ထောက်လှမ်းတွေ့ရှိခဲ့သည့် မြောက်ကိုရီးယား၏လက်နက်စမ်းသပ်မှုများကို တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်က အသေးစိတ်လေ့လာခဲ့သည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့(JCS)က ပြောကြားခဲ့သည်။

သို့သော် ဒုံးကျည်အရေအတွက် မည်မျှပစ်လွှတ်ခဲ့ပြီး ယင်းဒုံးကျည်များသည် မည်မျှအကွာအဝေးအထိ ရောက်ရှိခဲ့သနည်းဆိုသည်နှင့် ကုန်းပေါ်မှသို့မဟုတ် ပင်လယ်ပြင်မှ ပစ်ခတ်ခဲ့သည် ဆိုသည်ကိုလည်း အသေး စိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရန် တီထွင်ထားသည်ဟုဆိုသော Pulhwasal-3-31 ခရုစ်ဒုံးကျည် စမ်းသပ်မှုများကို ဇန်နဝါရီ ၂၄ ရက်နှင့် ၂၈ ရက်တို့တွင် လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားက ယခုစမ်းသပ်မှုကို ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ် စမ်းသပ်မှုအပြီးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကြီးထွားလာသော ပြင်ပခြိမ်းခြောက်မှုများကို တန်ပြန်ရန် နျူကလီးယားလက်နက်တပ်ဆင်ထားသည့် ရေတပ်ကို တည်ဆောက်မည့် ၎င်း၏ရည်မှန်းချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် မကြုံဖူးလောက်သည့် အရှိန်အဟုန်ဖြင့် လက်နက်တီထွင်မှုများ လုပ်ဆောင်လျက်ရှိပြီး တစ်ချိန်တည်းတွင် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့အပေါ်ရန်လိုသည့် နျူကလီးယားခြိမ်းခြောက် မှုများလုပ်ဆောင်ခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် နှစ်အတန်ကြာအတွင်း တင်းမာမှုများ အရှိန်အမြင့်ဆုံး ဖြစ်လာခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ်တွင် ရေအောက်နျူကလီးယား လက်နက်စနစ်နှင့် အခဲလောင်စာသုံး ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု အပါအဝင် လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

အခြားပဲ့ထိန်းဒုံးကျည်များ ကဲ့သို့မဟုတ်ဘဲ ခရုစ်ဒုံးကျည်စမ်းသပ်ခြင်းကို ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်အရေးယူမှုများတွင် တားမြစ်ထားခြင်းမရှိပေ။

ဟိုက်ပါဆောနစ် ဒုံးကျည်ထိပ်ဖူး၊ ထောက်လှမ်းရေးဂြိုဟ်တုနှင့် အခဲလောင်စာသုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များအပြင် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောသည်လည်း ၂၀၂၁ ခုနှစ်က အထင်ကရ ပါတီညီလာခံတစ်ရပ်တွင် ကင်ဂျုံအွန် ချမှတ်ခဲ့သည့် မဟာဗျူဟာမြောက်လက်နက်များ ပိုင် ဆိုင်ရေးစီမံချက်တွင် ပါဝင်သည်။

ခရုစ်ဒုံးကျည်များသည် ဂျက်တွန်းကန်အားဖြင့် ပျံသန်းပြီး ပိုမိုအဆင့်မြင့်သည့် ပဲ့ထိန်းဒုံးကျည်များထက် အနိမ့်ပျံသန်းနိုင်သည့်အတွက် ခြေရာခံကြားဖြတ်ပစ်ချရန် ပိုမိုခဲယဉ်းသည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ် အာရှနိုင်ငံများဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်တို့သည် လေယာဉ်တင်သင်္ဘောကြီးများ၊ တာဝေးသွား ဗုံးကြဲလေယာဉ်များနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကဲ့သို့ အမေရိကန်၏ မဟာဗျူဟာမြောက် စစ်လက်နက်များပါဝင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

နျူကလီးယားအင်အား ပိုမိုတောင့်တင်းလာပြီး ရုရှားနှင့် ဆက်ဆံရေးပိုခိုင်မြဲလာသည့် မြောက်ကိုရီးယားသည် ရွေးကောက်ပွဲများကျင်းပရန်ရှိသည့် အမေရိကန်နှင့် တောင်ကိုရီးယားတို့အား တိုးမြှင့်ဖိအားပေးလာမည်ကို စိုးရိမ်မှုများထွက်ပေါ်နေသည်။   

Ref: AP

Most Read

Most Recent