ဂါဇာရောက်အစ္စရေးတပ်ဖွဲ့အချို့ကို မငြိမ်မသက်ဖြစ်နေသော လက်ဘနွန် နယ်စပ်သို့ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးပြောကြား

ဂါဇာရောက်အစ္စရေးတပ်ဖွဲ့အချို့ကို မငြိမ်မသက်ဖြစ်နေသော လက်ဘနွန် နယ်စပ်သို့ရွှေ့ပြောင်းရန် ပြင်ဆင်နေသည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးပြောကြား
ဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်မြို့တွင် အစ္စရေးစစ်သားများ မြေပြင်စစ်ဆင်ရေးလုပ်နေပုံကို ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်မြို့တွင် အစ္စရေးစစ်သားများ မြေပြင်စစ်ဆင်ရေးလုပ်နေပုံကို ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 30 January 2024

အစ္စရေးစစ်တပ်သည် ၎င်း၏တပ်ဖွဲ့အချို့ကို ဂါဇာကမ်းမြောင်မှသည် မငြိမ်မသက် ဖြစ်နေသော လက်ဘနွန်နယ်စပ်သို့ပြောင်းရွှေ့ရန် ပြင်ဆင်နေသည်ဟု အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြခဲ့သည်။

တင့်ကားများပါဝင်သည့် အစ္စရေးမြေပြင်တပ်ဖွဲ့များသည် ဟားမာ့စ်၏ဂါဇာ ခေါင်းဆောင် ဟာယာဆင်ဝါ၏ ဇာတိမြို့ခန်းယူနစ်ကို အလေးပေးလျက်ရှိသည်။ ခန်းယူနစ်ရှိ အယ်လ်-အမာလ်ဆေးရုံအနီးတစ်ဝိုက်တွင် ညပိုင်း၌ လက်နက်ကြီး ပစ်ခတ်သံများကို ကြားရသည်ဟု ပါလက်စတိုင်းလခြမ်းနီအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်သားများသည် ဆင်ဝါ၏ရုံးခန်း၊ စစ်ဘက်နေရာများ၊ ဒုံးကျည်ထုတ်လုပ်သည့် စက်ရုံတစ်ခုတို့ကို ဝင်ရောက်စီးနင်းခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်သည် ခန်းယူနစ်ဒေသတွင် မြေပေါ်၊ မြေအောက်တို့၌ တိုက်ခိုက်ရေးသမား ၂,၀၀၀ ကိုရှင်းလင်းခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဆိုသော်လည်း တိုက်ခိုက်ရေးသမားများ သေဆုံးသွားသည့်ဆိုသော အထောက်အထာများကို ထုတ်ပြခြင်းမရှိပေ။

ဂါဇာကို ရောက်နေသော တပ်ဖွဲ့အချို့ကို မြောက်ပိုင်းသို့ ရွှေ့ပြီး၊ ဖြစ်လာမည့်အရာအတွက် ပြင်ဆင်နေသည်ဟု ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် အစ္စရေးကာကွယ်ရေး ဝန်ကြီး ယိုအက်ဂါးလန့်က ပြောကြားခဲ့သည်။ ၎င်းပြောကြားခဲ့သည့် ဖြစ်လာတော့မည့် အရာဆိုသည်မှာ အစ္စရေး-လက်ဘနွန်နယ်စပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါနယ်စပ်တွင် ဟားမာ့စ်မဟာမိတ်အဖွဲ့ဖြစ်သော ဟစ်ဇဘိုလာနှင့် အစ္စရေးတို့ နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ်လျက်ရှိသည်။ လက်ဘနွန်၏ဟစ်ဇဘိုလာအဖွဲ့ကို အီရန်က ထောက်ပံ့ပေးထားသည်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင်ဟားမာ့စ်ကအစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး အလစ် အငိုက်တိုက်ခိုက်ခဲ့ခြင်းကြောင့်အစ္စရေးတွင်အရပ်သား အများစုဖြစ်သည့်လူ ၁,၁၄၀ သေဆုံးခဲ့ပြီးလူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးကပြောကြားထားပြီး ပြန်ပေးဆွဲခံရသူများထဲက ၁၃၂ ဦးသည် ဂါဇာတွင် ရှိနေဆဲဖြစ်သည်ဟုဆိုသည်။

ဟားမာ့စ် ဖမ်းဆီးထားသော ဓားစာခံအနည်းဆုံး ၂၈ ဦးသေဆုံးသွားသည်ဟု အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။

ဂါဇာစစ်ပွဲစတင်ပြီးနောက်ပိုင်း အစ္စရေးတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် သေဆုံးသူစုစုပေါင်းသည် ၂၆,၆၃၇ ဦး ရှိသည်ဟုဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။သေဆုံးသူအရေအတွက်ကို ရေတွက်ရာတွင် ဂါဇာကျန်းမာရေးတာဝန်ရှိသူများသည် စစ်သွေးကြွများနှင့် အရပ်သားများကို ခွဲခြားခြင်းမပြုဘဲ ရေတွက်ခြင်းဖြစ်ကြောင်း သိရသည်။ ဂါဇာတွင် သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့်ကလေးများဖြစ်သည်ဟု ဂါဇာကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဂါဇာတွင် ပြည်သူထောင် ပေါင်းများစွာသည် စစ်ဘေးရှောင်နေကြရပြီး ဂါဇာပြည်သူအများစုမှာ ရှားပါးလာသော အကူအညီများကို မှီခိုနေကြရသည်ဟုဆိုသည်။ သို့ရာတွင် အစ္စရေးနှင့် ကုလသမဂ္ဂ၏ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီတို့ သဘောထားကွဲမှုဖြစ်ပေါ်နေသောကြောင့် အကူအညီများ ထပ်မံရှားပါးလာမည်ဟု သုံးသပ်မှုများရှိနေသည်။                 

Ref: AFP

Most Read

Most Recent