ယနေ့ကစားမည့် သြစတြေးလျအိုးပင်း အမျိုးသားဗိုလ်လုပွဲတွင် မက်ဗီဒက်ဗ်နှင့် ဆင်နာ တွေ့ဆုံနေပြီး ချန်ပီယံသစ်ထွက်ပေါ်မည်

ယနေ့ကစားမည့် သြစတြေးလျအိုးပင်း အမျိုးသားဗိုလ်လုပွဲတွင် မက်ဗီဒက်ဗ်နှင့် ဆင်နာ တွေ့ဆုံနေပြီး ချန်ပီယံသစ်ထွက်ပေါ်မည်
Photo: X
Photo: X
Published 28 January 2024

 

၂၀၂၄ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် ရုရှားကစားသမား မက်ဗီဒက်ဗ် နှင့် အီတလီကစားသမား ဆင်နာတို့ တွေ့ဆုံနေသည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇန်နဝါရီ ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပွဲစဉ်၌ ဆင်နာ (ဆီဒင် ၄) က လက်ရှိချန်ပီယံဖြစ်သလို သြစတြေးလျအိုးပင်းပြိုင်ပွဲ၏ အအောင်မြင်ဆုံးဖြစ်သည့် ကမ္ဘာ့အဆင့် ၁ ဆားဘီးယား ကစားသမား ဂျိုကိုဗစ် (ဆီဒင် ၁) ကို ၆-၁၊ ၆-၂၊ ၆-၇ (၆-၈)၊ ၆-၃ ဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်၌ မက်ဗီဒက်ဗ် (ဆီဒင် ၃) က ဂျာ မနီကစားသမား ဇီဗာရက်ဗ် (ဆီဒင် ၆) ကို ငါးပွဲအပြည့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီးနောက် ၅-၇၊ ၃-၆၊ ၇-၆ (၇-၄)၊ ၇-၆ (၇-၅)၊ ၆-၃ ဖြင့်လည်းကောင်း အနိုင်ရခဲ့သည်။ 

ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲစလုံး အကြိတ်အနယ် ရှိခဲ့ပြီး ဆင်နာက ရေပန်းအစားဆုံးကစား သမား ဂျိုကိုဗစ်ကို ကျော်ဖြတ်နိုင်ခဲ့သလို မက်ဗီဒက်ဗ်မှာလည်း နှစ်ပွဲရှုံးနိမ့်နေရာမှ သုံးပွဲဆက် ပြန်လည်အနိုင်ယူကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတက်ရောက်လာသူနှစ်ဦး အနက် မက်ဗီဒက်ဗ် (၂၇ နှစ်) မှာ ၂၀၂၁ ယူ အက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲဖူးပြီး သြစတြေးလျအိုးပင်း ဗိုလ်လုပွဲသို့ တတိယအကြိမ် နှင့် ဂရင်းစလင်းဗိုလ်လုပွဲများသို့ ခြောက်ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်သည်။ 

မက်ဗီဒက်ဗ်သည် သြစတြေးလျအိုးပင်းဗိုလ်လုပွဲ  တက်ရောက်ဖူးသည့် နှစ်ကြိမ်စလုံး ရှုံးပွဲကြုံတွေ့ထားပြီး ၂၀၂၁ ပြိုင်ပွဲတွင် ဂျိုကိုဗစ်ကို သုံးပွဲပြတ်၊ ၂၀၂၂ ပြိုင်ပွဲတွင် နဒါးလ်ကို နှစ်ပွဲ အနိုင်ရနေရာမှ သုံးပွဲဆက် ပြန်လည်ရှုံးနိမ့်သောကြောင့် ချန်ပီယံဆုလွဲချော်ခဲ့ရသည်။ ဆင်နာ (၂၂ နှစ်) မှာ ဂရင်းစလင်းဗိုလ်လုပွဲ အဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး ယခင်က အမြင့်ဆုံးအဖြစ် ၂၀၂၃ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့ဖူးသည်။

၎င်းတို့နှစ်ဦးစလုံး သြစတြေးလျအိုးပင်း ပြိုင်ပွဲတွင် ဗိုလ်စွဲဖူးခြင်းမရှိသဖြင့် ချန်ပီယံသစ်ထွက်ပေါ်မည်ဖြစ်ပြီး ဗိုလ်လုပွဲကို ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ ယခု ပွဲမတိုင်မီ ကိုးကြိမ်ထိပ်တိုက်တွေ့ဆုံဖူးပြီး မက်ဗီဒက်ဗ်က ခြောက်ပွဲနှင့် ဆင်နာက သုံးပွဲ အနိုင်ရထားသည်။ အစောပိုင်းတွင် မက်ဗီဒက်ဗ်က ခြောက်ပွဲဆက် အနိုင်ရခဲ့သော်လည်း ဆင်နာက နောက်ဆုံးတွေ့ဆုံသည့် သုံးပွဲဆက် ပြန်လည်အနိုင်ရထားခြင်းဖြစ်သည်။

Most Read

Most Recent