MLWC ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ ၌ ပြုလုပ်မည်

MLWC ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃ ရက်တွင် အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ ၌ ပြုလုပ်မည်
Photo: MLWC
Photo: MLWC
Published 1 January 2024

MLWC ရိုးရာလက်ဝှေ့ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီတွင် အမျိုးသားအားကစားပြိုင်ပွဲရုံ-၁၊ သုဝဏ္ဏ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို မြန်မာ-ထိုင်းစိန်ခေါ်ပွဲအဖြစ် ထိုးသတ်မည့် ကျော်စွာဝင်း(မြန်မာ)၊ ရာမာန်(မြန်မာ)၊ ၀ိုရာဂျက်လက် (ထိုင်း)၊ ပေါင်ဆီရီ(ထိုင်း)တို့ တက်ရောက်မည်ဖြစ်သည်။

MLWC ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)၊ မွန်းလွဲ ၁ နာရီမှစ၍ ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် လက်မှတ်စျေးနှုန်းများကို ကျပ် ၅၀၀၀၀ နှင့် ၃၀၀၀၀ သတ်မှတ်ထားပြီး ရိုးရိုးတန်းနေရာများကို အခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပြုထားကြောင်း သိရသည်။

လက်မှတ်စျေးနှုန်း ကျပ် ၅၀၀၀၀၊ ၃၀၀၀၀ သတ်မှတ်ထားသည့် ကြိုးဝိုင်းဘေးနေရာများ၏ ထိုင်ခုံအရေအတွက်ကို အကန့်အသတ်ဖြင့်သာ ရောင်းချမည်ဖြစ်သည်။

ပြိုင်ပွဲကို Sky Net Sports ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

တွဲဆိုင်းများအဖြစ် ကိုကိုနှင့် တိုင်းကျော်၊  မိုးဟိန်းနှင့် နိုင်အောင်ရှင်၊ သူရဲကောင်းနှင့် ကောင်းဆက်နိုင်၊ စောဘဟိန်းနှင့် အဖိုးသွေး၊ ဒုခေါင်တွဲဆိုင်းအဖြစ် ရာမာန် (မြန်မာ) နှင့် ထိုင်းနိုင်ငံသား မွေထိုင်းသမား ၀ိုရာဂျက်လက်၊ အဓိကခေါင်တွဲဆိုင်းအဖြစ် ကျော်စွာဝင်း (မြန်မာ) နှင့် ထိုင်းနိုင်ငံသား မွေထိုင်းသမား ပေါင်ဆီရီတို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

ဒုခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်မည့် ရိုးရာလက်ဝှေ့ကျော် ရာမာန်သည် နာမည်ကြီး ရိုးရာလက်ဝှေ့သမားများဖြစ်သည့် ထွန်းထွန်းမင်း၊ သွေးသစ်ဝင်းလှိုင်၊ ဖျံသွေး၊ ယှူးခလိန်းမင်း၊ နေထူးထူး အစရှိသည့် ကစားသမားများနှင့် ထိုးသတ်ခဲ့ဖူးသလို ဂျပန်ကစားသမား တိုခဲရှီအပါအဝင် ထိုင်းနိုင်ငံသား မွေထိုင်းလက်ဝှေ့သမားများနှင့်လည်း ထိုးသတ်ခဲ့ဖူးသူဖြစ်သည်။

ရာမာန်သည် ၂၀၂၀ ပြည့်နှစ်က နာမည်ကြီး ရိုးရာလက်ဝှေ့သမား ထွန်းထွန်းမင်းနှင့် အလဲထိုးစနစ် ယှဉ်ပြိုင်ထိုးသတ်ရာ သရေကျခဲ့သည်။

ရာမာန်သည် လက်ရှိမြန်မာပြည်ချန်ပီယံဟု သတ်မှတ်ခံထားရသည့် သွေးသစ်ဝင်းလှိုင်နှင့် ၂၀၁၇ ခုနှစ်က အမှတ်ပေးစနစ် ယှဉ်ပြိုင်ထိုးသတ်ရာတွင်မူ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ရာမာန်သည် ပြီးခဲ့သည့် ဇွန်လအတွင်း TGL#4 ပြိုင်ပွဲတွင် ထိုင်းနိုင်ငံသား မွေထိုင်းလက်ဝှေ့သမား အိုလန်နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရထားသည်။

အဓိကခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည့် ကျော်စွာဝင်းသည် ရိုးရာလက်ဝှေ့သမားများအနက် အတိုးတက်ဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။

ကျော်စွာဝင်းသည် နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဘားအံမြို့၌ သွေးသစ်ဝင်းလှိုင်နှင့် အလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ရာ ပူးတွဲသရေရလဒ်ထွက်ပေါ်ခဲ့သည်။

Most Read

Most Recent