■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

■ နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 26 March 2024

♦ အင်္ဂလန် - ဘယ်လ်ဂျီယံ (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂း၁၅ နာရီ)

ဘရာဇီးလ်နဲ့ပွဲ Line-up က ယူရိုပြိုင်ပွဲအတွက် နည်းပြ ဆောက်ဂိတ်စိတ်ကြိုက်လို့တောင် ပြောနိုင်တယ်။ ဒါပေမဲ့ အပြောင်းအလဲတချို့ ရှိလာနိုင်ပြီး သုံးနေရာလောက်တော့ ဖြစ်လာလိမ့်မယ်။ ဝင်ဘလေမှာ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရင် ဆောက်ဂိတ်အတွက် ပိုဖိအားများသွားနိုင်တာကိုတော့ ထည့်တွက်ရမယ်။ တစ်ဖက်မှာလည်း ဥရောပထိပ်တန်းလိဂ် အမြင့်ဆုံးဇာတ်ရှိန်ရောက်နေလလို့ ကစားသမားတွေရဲ့ အားထုတ်မှုပိုင်းကလည်း စဉ်းစားစရာပါ။ ဘယ်လ်ဂျီယံမှာတော့ လူကာကူ၊

ဒိုကူတို့ ပွဲထွက်ကစားလာနိုင်တယ်။ အင်္ဂလန်ပဲ နိုင်ဖို့များပါတယ်။

♦ စပိန် - ဘရာဇီးလ် (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၃းဝ၀ နာရီ)

ဘရာဇီးလ်အသင်းနည်းပြ ဒေါ်ရီဗယ်ဂျူနီယာက အသင်းကို စတင်တည်ဆောက်ခါစလို့ဆိုပေမဲ့ အင်္ဂလန်နဲ့ပွဲမှာ အဖွင့်ကောင်းခဲ့တယ်။ တာထွက်ကောင်းခဲ့တဲ့ ပွဲထွက်စာရင်းကိုတော့ နည်းပြအနေနဲ့ အပြောင်းအလဲ သိပ်မလုပ်လောက်ဘူး။ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေတာတောင် ဒေါ်ရီဗယ်ရဲ့ B Level အသင်းက ဝင်ဘလေကွင်းမှာ အနိုင်ယူခဲ့တာကိုတော့ ချီးကျူးရမယ်။ စပိန်အသင်းမှာ ထိပ်တန်းကစားသမားတွေ ရှိနေဆဲဆိုပေမဲ့ အသင်းရဲ့အရှိန်အဝါက အတော်လေး ကျဆင်းသွားပြီ။ ဘာနေဗျူးမှာကစားမယ့် အခုပွဲမှာလည်း စပိန် မနိုင်လောက်သေးဘူး။

♦ ဂျာမနီ - နယ်သာလန် (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂း၁၅ နာရီ)

ကွင်းလယ်မှာ ကရို့စ် ပြန်ပါလာတဲ့ ဂျာမနီအသင်းက အတော်လေးပြောင်းလဲသွားတယ်။ အထူးသဖြင့် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရမယ့် အသင်းတစ်သင်းအတွက် ယုံကြည်မှုပိုင်းမှာ ထိရောက်တဲ့အထောက်အကူဖြစ်စေမှာ သေချာပါတယ်။ နည်းပြ နာဂယ်စ်မန်းကလည်း အပြောင်းအလဲလုပ်နိုင်စွမ်းရှိသူ တစ်ဦးဖြစ်လို့ ဂျာမနီအသင်းရဲ့အနေအထားက စိတ်ဝင်စားစရာ ပြန်ကောင်းလာတယ်။ နယ်သာလန်အသင်းမှာ ကစားသမားကောင်းတွေရှိပေမဲ့ တိုက်စစ်ပိုင်းကတော့ ထိပ်သီးအသင်းတွေထဲမှာ အားအနည်းဆုံးလို့တောင် ပြောရမယ်။ ဂျာမနီ နိုင်ပွဲဆက်နိုင်တယ်။

♦ အာဂျင်တီးနား - ကော်စတာရီကာ (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၉း၂၀ နာရီ)

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းက ပြိုင်ပွဲစုံ နောက်ဆုံး(၁၇)ပွဲမှာ ဥရုဂွေးတစ်သင်းတည်းကိုသာ အရေးနိမ့်ထားပြီး ပယ်နယ်တီအဆုံးအဖြတ်တွေအပါအဝင် (၁၆)ပွဲအထိ အနိုင်ရခဲ့တယ်။ အာဂျင်တီးနားနည်းပြ စကာလိုနီက အယ်လ် ဆာဗေးဒိုးနဲ့ပွဲမှာ အယ်လ်ဗာရက်ဇ်၊ ဂါနာချို၊ ဘူနာနော့တေတို့ ရှိပေမဲ့ တိုက်စစ်မှာ လော်တာရိုမာတီနက်ဇ်နဲ့ ဒီမာရီယာတို့ကို တွဲသုံးခဲ့တယ်။ ကော်စတာရီကာအသင်းကတော့ လောလောလတ်လတ် ကိုပါအမေရိကခြေစစ်ပွဲ အောင်ထားပေမဲ့ အသင်း အနေအထားက အတော်လေးနိမ့်ကျလာတယ်။ အာဂျင်တီးနား ဂိုးပြတ်နိုင်ဖို့များတယ်။

♦ ပြင်သစ် - ချီလီ (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

ပြင်သစ်အသင်း ဂျာမနီနဲ့ပွဲမှာ လူစုံနီးပါး ပွဲထုတ်ခဲ့ပေမဲ့ အရေးနိမ့်ခဲ့ရတယ်။ ပြင်သစ်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နိုင်ငံတကာပွဲ (၁၁)ပွဲမှာ (၂)ပွဲ အရေးနိမ့်ခဲ့ပြီး နှစ်ပွဲစလုံးက ဂျာမနီကို အရှုံးပေးခဲ့ရတာဖြစ်တယ်။ အခုပွဲ ပြင်သစ်အသင်းလူစာရင်းမှာတော့ အပြောင်းအလဲတချို့ ရှိလာနိုင်တယ်။ ချီလီအသင်းမှာတော့ လူဟောင်းတွေ ပါဝင်နေဆဲပါပဲ။ ပြင်သစ်အသင်းကိုပဲ ရွေးချယ်ချင်တယ်။

♦ ဆလိုဗေးနီးယား - ပေါ်တူဂီ (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂း၁၅ နာရီ)

ဆလိုဗေးနီးယားအသင်းနဲ့ ပေါ်တူဂီအသင်းတို့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တွေ့ဆုံကြတာပါ။ ၂၀၂၀ တုန်းက ခြေစမ်းကစားဖို့ စီစဉ်ထားပေမဲ့ COVID-19 ကြောင့် ဖျက်သိမ်းလိုက်ရတယ်။ ဆလိုဗေးနီးယားအနေနဲ့ အိမ်ကွင်းကစားရမှာကလွဲရင် ပေါ်တူဂီကို အဖက်ဖက်က မယှဉ်နိုင်ပါဘူး။ ပေါ်တူဂီအနေနဲ့ နည်းပြ မာတီနက်ဇ်လက်ထက် နိုင်ပွဲဆက်မှတ်တမ်းကို ဆက်ထိန်းလိမ့်မယ်။ ပေါ်တူဂီပဲ ကြိုက်တယ်။

♦ အိုင်ဗရီကို့စ် - ဥရုဂွေး (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂းဝ၀ နာရီ)

အိုင်ဗရီကို့စ်အသင်းနဲ့ ဥရုဂွေးအသင်းတို့လည်း ပထမဆုံးအကြိမ် ရင်ဆိုင်ကစားရမှာဖြစ်တယ်။ အခုခြေစမ်းပွဲကို ကြားကွင်းဖြစ်တဲ့ ပြင်သစ်မြေမှာ ကစားမှာပါ။ ဥရုဂွေးအသင်းက နောက်ဆုံးကစားထားတဲ့ ခြေစစ်ပွဲတွေမှာ ဘရာဇီးလ်၊ အာဂျင်တီးနားတို့ကို အနိုင်ကစားထားပေမဲ့ အခုပွဲမှာတော့ ဒါဝင်နူးနက်ဇ်၊ ဆွာရက်ဇ်တို့ မပါဝင်နိုင်ဘူး။ အာဖရိကချန်ပီယံ အိုင်ဗရီကို့စ် မရှုံးလောက်ဘူးထင်တယ်။

♦ အီဂျစ် - ခရိုအေးရှား (မြန်မာစံတော်ချိန် မတ်လ ၂၇ ရက် နံနက် ၂း၃၀ နာရီ)

အခု ခရိုအေးရှားနဲ့ကစားမယ့် ခြေစမ်းပွဲမှာ အီဂျစ်အဓိကတိုက်စစ်ကစားသမား ဆာလာ ပါဝင်ကစားဖို့ မရှိပါဘူး။ ဆာလာ မပါတဲ့ အီဂျစ်အသင်းမှာ အယ်လ်နန်နီ၊ ဟီဂါဇီတို့ရှိပေမဲ့ အလယ်အလတ်အဆင့်လောက်ပဲ ဖြစ်သွားလိမ့်မယ်။ ခရိုအေးရှားကတော့ ယူရိုပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့အသင်းဖြစ်လို့ အာရုံစိုက်ကစားလိမ့်မယ်။ အီဂျစ်မြေမှာ ခရိုအေးရှားအသင်း အနိုင်ကစားဖို့များတယ်။

Most Read

Most Recent