ပြည်ပကလပ်များထံ ပြောင်းရွှေ့မည်ဆိုပါက ယူရို(၁၃)သန်းဖြင့် ထွက်ခွာခွင့်ပြုရမည့် ဒီဘားလား၏ လျော်ကြေးစာချုပ် အသက်ဝင်

ပြည်ပကလပ်များထံ ပြောင်းရွှေ့မည်ဆိုပါက ယူရို(၁၃)သန်းဖြင့် ထွက်ခွာခွင့်ပြုရမည့် ဒီဘားလား၏ လျော်ကြေးစာချုပ် အသက်ဝင်
Photo: Getty Images
Photo: Getty Images
Published 1 January 2024

ရိုးမားအသင်းသည် အာဂျင်တီးနားတိုက်စစ်မှူး ဒီဘားလားကို ပြည်ပကလပ်များထံ ပြောင်းရွှေ့မည်ဆိုပါက ယူရို(၁၃)သန်းဖြင့် ထွက်ခွာခွင့်ပြုရမည့် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားပြီး အဆိုပါစာချုပ်မှာ ၂၀၂၄ ဇန်နဝါရီ (၁)ရက်(ယနေ့)တွင် အသက်ဝင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရိုးမားအသင်းသည် ဒီဘားလား(၃၀ နှစ်)ကို ၂၀၂၂ နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းထံမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူကာ ၂၀၂၅ ခုနှစ်အထိ (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ရာ၌ လျော်ကြေးစာချုပ်လည်း ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။

ဒီဘားလားသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို အာဂျင်တီးနားနိုင်ငံတွင် တစ်နှစ်ဝန်းကျင်သာဖြတ်သန်းခဲ့ပြီး အီတလီမြေ၌ ၂၀၁၂ ခုနှစ်ကတည်းက ကျင်လည်နေခဲ့ခြင်းဖြစ်သည်။

၎င်းသည် ပါလာမိုအသင်းတွင် (၃)ရာသီ၊ ဂျူဗင်တပ်စ်အသင်းတွင် (၇)ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ရိုးမားအသင်းထံ ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ဒီဘားလားကို ပရီးမီးယားလိဂ်အသင်းအချို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသလို၊ ပြီးခဲ့သည့်ရာသီက ရိုးမားအသင်းတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ၂၀၂၃ နွေရာသီတွင်လည်း ပရီးမီးယားလိဂ်ထိပ်သီးအသင်းအချို့က ခေါ်ယူရန် ဆန္ဒရှိခဲ့ ကြကြောင်း သိရသည်။

သို့သော် ဒီဘားလားက အီတလီမှ ထွက်ခွာလိုခြင်းမရှိသည့်အတွက် အပြောင်းအရွှေ့မဖြစ်မြောက်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိခဲ့သည်။

ယခုအခါ အီတလီမီဒီယာများက ဒီဘားလား၏ တန်ဖိုးနည်းပါးသည့် လျော်ကြေးစာချုပ် အသက်ဝင်လာပြီဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ကလပ်အသင်းများထံမှ ကမ်းလှမ်းမှုများ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

Gazzetta dello Sport ၏ ဖော်ပြမှုအရ ရိုးမားအသင်းသည် ၂၀၂၄ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဒီဘားလားအား ကမ်းလှမ်းမှုရှိလာပါက ယူရို (၁၃)သန်းဖြင့် ထွက်ခွာခွင့်ပြုရမည့် လျော်ကြေးစာချုပ် ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါစာချုပ်မှာ ပြည်တွင်းကလပ်များနှင့်လည်း သက်ဆိုင်သော်လည်း ပြည်တွင်းကလပ်များ၏ ကမ်းလှမ်းမှုကိုမူ ရိုးမားအသင်းက ငြင်းပယ်နိုင်မည်ဖြစ်ပြီး ပြည်ပကလပ်များ၏ ကမ်းလှမ်းမှုကိုမူ ဒီဘားလားတစ်ဦးတည်း၏ သဘောဆန္ဒဖြင့် ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့သော် ရိုးမားအသင်းအနေဖြင့် ပြည်တွင်းကလပ်များ၏ ကမ်းလှမ်းမှုကို ငြင်းပယ်မည်ဆိုပါက ဒီဘားလား၏လစာကို တိုးမြှင့်ပေးအပ်သွားရမည်ဖြစ်ကြောင်း သိရသည်။

ဒီဘားလားကို ခေါ်ယူရန် မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့က စိတ်ဝင်စားခဲ့ကြဖူးပြီး ပြီးခဲ့သည့်နွေရာသီတွင်မူ ဒီဘားလားက ငယ်စဉ်ကတည်းက နှစ်သက်ခဲ့သည့် ရောမမြို့တွင်သာ ကာလရှည်နေထိုင်သွားလိုသည်ဟု ပြောကြားခဲ့ဖူးသည်။