ဂါဇာတွင် အစ္စရေးနှင့်ဟားမာ့စ်တို့ အပစ်ရပ်စဲမှုကို နှစ်ရက် သက်တမ်းတိုးလိုက်သဖြင့် နောက်ထပ် ဓားစာခံများ လွတ်လာမည်

ဂါဇာတွင် အစ္စရေးနှင့်ဟားမာ့စ်တို့ အပစ်ရပ်စဲမှုကို နှစ်ရက် သက်တမ်းတိုးလိုက်သဖြင့် နောက်ထပ် ဓားစာခံများ လွတ်လာမည်
ဟားမာ့စ်တိုက်ခိုက်ရေးသမားများခြံရံလျက် ဂါဇာကမ်းမြောင်တွင် ပြန်လွှတ်ပေးလိုက်သော   အစ္စရေးဓားစာခံများကို ကြက်ခြေနီကားပေါ်သို့တင်ပေးနေပုံကို နိုဝင်ဘာ ၂၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ဟားမာ့စ်တိုက်ခိုက်ရေးသမားများခြံရံလျက် ဂါဇာကမ်းမြောင်တွင် ပြန်လွှတ်ပေးလိုက်သော   အစ္စရေးဓားစာခံများကို ကြက်ခြေနီကားပေါ်သို့တင်ပေးနေပုံကို နိုဝင်ဘာ ၂၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 28 November 2023

သက်တမ်းကုန်တော့မည့် အစ္စရေး-ဟားမာ့စ် ယာယီအပစ်ရပ်စဲရေးကို နှစ်ရက်သက်တမ်းတိုးလိုက်သည်ဟု ဝင်ရောက်ဖျန်ဖြေပေးသူ ကာတာနိုင်ငံက နိုဝင်ဘာ ၂၇ ရက်တွင်ပြောကြားခဲ့ရာ ဟားမာ့စ်က နိုဝင်ဘာ ၂၄ ရက် ကတည်းက ပြန်‌လွှတ်ပေးခဲ့သော ဓားစာခံ ၆၉ ဦးမက ပိုလွှတ်ပေးမည့် အလားအလာများ တိုးလာသည်။

အပစ်ရပ်စဲမှုသည် အစ္စရေး-ဟားမာ့စ်တို့ ဖြစ်ပွားနေသော ခုနစ်ပတ်ကြာ စစ်ပွဲတွင် ယာယီအပစ်အခတ် ရပ်စဲရေးကို အချိန်ကြာသွားစေမည် ဖြစ်သည်။

နိုဝင်ဘာ ၂၄ ရက်တွင် လေးရက်ကြာ အပစ်ရပ်စဲမှု စတင်ပြီးနောက်ပိုင်းရက်တိုင်းတွင် ဟားမာ့စ်က ဓားစာခံများကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း၎င်းထိန်းသိမ်းထားသော ပါလက်စတိုင်း အကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သည်။

နောက်ထပ် ဓားစာခံ ၁ဝဦးကို လွှတ်ပေးတိုင်း အပစ်ရပ်စဲမှုကို တစ်ရက်စီသက်တမ်းတိုးသွားမည်ဟုအစ္စရေးက ယခင်တုန်းက ပြောကြားခဲ့သည်။ ထို့ကြောင့် လူ‌သောင်းဂဏန်းအထိ သေဆုံးထားပြီး ထိခိုက်ပျက်စီးမှုများ ကြီးကြီးမားမားဖြစ်ပေါ်နေသောစစ်ပွဲမှ ပါလက်စတိုင်းသားများသက်သာ ရာရသည့်အနေအထားဖြစ်လာမည်ဖြစ် သည်။

“ဂါဇာကမ်းမြောင်မှာ လူသားချင်းစာနာမှု အပစ်ရပ်ရေးကို နောက်ထပ်နှစ်ရက် သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်”ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လူမှုမီဒီယာ X တွင် ဖော်ပြခဲ့သည်။ ဟားမာ့စ်ကလည်း မိမိတို့သည် နှစ်ရက်သက်တမ်းတိုးရန် သဘောတူခဲ့သည်ဟု ပြောကြားခဲ့သည်။

အစ္စရေးဘက်က ချက်ချင်းဖြေကြား ခြင်းမပြုသော်လည်း အိမ်ဖြူတော်ကမူအပစ်ရပ်စဲမှု နှစ်ရက်သက်တမ်းတိုးရန်သဘော တူညီမှုရရှိသည်ဟု အတည်ပြုခဲ့သည်။

ဓားစာခံများ ပိုမိုလွတ်မြောက်လာမည်ဖြစ်ပြီး ဂါဇာကို အကူအညီများပိုမိုပေးလာနိုင်စေမည့် သဘောတူညီချက်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသာမက နှစ်ဖက်သွယ် ၀ိုက်ဆွေးနွေးမှုများကို ကြားဝင်ဆောင်ရွက်ပေးခဲ့သော ကာတာနှင့်အီဂျစ်နိုင်ငံ တို့ကိုလည်းကောင်းကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်တွင် သက်တမ်းကုန်သွားသည့် အပစ်ရပ်ရေး မူလသဘောတူညီချက်တွင် ပါဝင်သော အချက်များအရ ပြန်လွတ်လာသော အစ္စရေးဓားစာခံ ၁၁ဦးသည် အစ္စရေးကိုရောက်လာသည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် အစ္စရေးက ပြောကြားသည်။

လောလောလတ်လတ် ပြန်လွှတ်ပေးလိုက်သော ဓားစာခံအားလုံးသည် နှစ်နိုင်ငံသားခံယူထားသူများဖြစ်ကြပြီး ပြင်သစ်နိုင်ငံသားသုံးဦး၊ ဂျာမနီနိုင်ငံသားနှစ်ဦး၊ အာဂျင်တီးနားနိုင်ငံသားခြောက်ဦးတို့ပါဝင်သည် ဟုကာတာက ပြောကြားသည်။

အပြန်အလှန်အားဖြင့် အစ္စရေးထောင်များမှ ပြန်လွှတ်ပေးမည့် ပါလက်စတိုင်းသား ၃၃ ဦး၏စာရင်းကို လက်ခံရရှိကြောင်းအစောပိုင်းတွင် ဟားမာ့စ်ကပြောကြားခဲ့သည်။ ထိုစာရင်းတွင် အမျိုးသမီးအကျဉ်းသားသုံး ဦးနှင့်ဆယ်ကျော်သက် အကျဉ်းသား ၃၀ ပါဝင်သည်ဟု ဆိုသည်။

နောက်ဆုံးလွှတ်ပေးမှုများနှင့်အတူ ဟားမာ့့စ်က နိုဝင်ဘာ ၂၄ ရက်နောက်ပိုင်း စုစုပေါင်း လူ ၆၉ ဦးကို လွှတ်ပေးခဲ့ပြီးဖြစ်ရာ  အစ္စရေးနိုင်ငံသားများနှင့် အစ္စရေးနိုင်ငံသား မဟုတ်သူများပါဝင်ခဲ့သည်။

လက်ရှိ လေးရက်ကြာ အပစ်ရပ်စဲရေးသဘောတူညီချက်တွင် ပါဝင်သောအချက်များအရ ဟားမာ့စ်သည် ဂါဇာတွင် ထိန်းသိမ်းထားသော အစ္စရေးအမျိုးသမီးများနှင့်ကလေးစုစုပေါင်း ၅၀ ကို ပြန်လွှတ်ပေးရန်ဖြစ်သည်။  ပြန်လွှတ်ပေးနိုင်သော နိုင်ငံခြားသားအရေ အတွက်ကို သဘောတူညီချက်တွင် ကန့်သတ် ထားခြင်းမရှိပေ။

နိုဝင်ဘာ ၂၇ ရက်တွင် ဂါဇာ၌ ထိန်းသိမ်းခံထားရဆဲ ဓားစာခံအရေအတွက်သည် ၁၈၄ ဦးရှိသည်ဟု အစ္စရေးက ပြောကြားသည်။

Ref: Reuters

Most Read

Most Recent