ရှမ်းမြောက်က အခြေအနေများကြောင့် လတ်တလောတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်းမှသာ တရုတ်သို့ ဆန်တင်ပို့နေကြောင်း

ရှမ်းမြောက်က အခြေအနေများကြောင့် လတ်တလောတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်းမှသာ တရုတ်သို့ ဆန်တင်ပို့နေကြောင်း
မြန်မာ့ဆန် ပြည်ပတင်ပို့မှုရန်  ပြင်ဆင်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
မြန်မာ့ဆန် ပြည်ပတင်ပို့မှုရန်  ပြင်ဆင်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-စီးပွား/ကူးသန်း)
Published 25 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွားနေသည့်အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်မှုက လတ်တလောတွင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပင်လယ်ရေကြောင်းမှသာ တရုတ်သို့ဆန်တင်ပို့နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က နိုဝင်ဘာ ၂၅ ရက်က  ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ဝယ်ယူမှုလည်းရှိပါတယ်။ အခုရှမ်းပြည်မြောက်ပိုင်းကအခြေအနေတွေကြောင့် နယ်စပ်ကုန်သွယ်မှုကလည်း လတ်တလောမှာ ဆောင်ရွက်နိုင်တဲ့အနေအထားမရှိပါဘူး။ ဒါပေမဲ့လည်း ပင်လယ် ရေကြောင်းက တရုတ်နိုင်ငံကို တင်ပို့တာရှိပါတယ်။ ဒီအချိန်မှာ တရုတ်နိုင်ငံက ဝယ်ယူတာထက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ဖိလစ်ပိုင်စတဲ့နိုင်ငံတွေ ဥရောပနိုင်ငံတွေက ဆန်၊ဆန်ကွဲဝယ်ယူမှုရှိပါတယ်။ ဒါကိုလည်း အားလုံးကပြည်ပတင်ပို့ရောင်းချတဲ့လုပ်ငန်းစဉ်တွေ ဆောင်ရွက် နေပါတယ်”ဟု ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က  ဆိုသည်။

ပြည်ပတင်ပို့မှုအနေဖြင့် ပြီးခဲ့သည့်  ဧပြီမှနိုဝင်ဘာလလယ်အထိ ဆန်တန်ချိန်  ခြောက်သိန်းကျော်တင်ပို့ထားကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါကထက်ဝက် နီးပါးလျော့ကျနေကြောင်း သိရသည်။

ပြည်တွင်းဆန်စျေးက မြင့်သည့်အနေအထားတွင်ရှိနေကြောင်း၊ ခြုံငုံသုံးသပ်ကြည့်ပါက ထိုင်းနိုင်ငံ၊အိန္ဒိိယ၊ဗီယက်နမ်၊ပါကစ္စတန်အစရှိသည့်နိုင်ငံများ၏ စျေးနှုန်းထက်မြန်မာ့ဆန်စျေး မြင့်သည့်အနေအထားတွင် ရှိနေကြောင်း သိရသည်။

အခြားတစ်ဖက်တွင် နိုင်ငံခြားငွေမူဝါ ဒ ၅၀:၅၀ အရလည်း Export Price များ စျေးကြီးမြင့်နေရခြင်းဖြစ်ကာ ရောင်းချနိုင်သည့်အနေအထား နည်းနေရခြင်းဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ပွင့်လင်းရာသီကာလဖြစ်သည့် နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် တိုးမြှင့်ရောင်းချနိုင်သည့်အနေအထားများကို ညှိနှိုင်းစီစဉ်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံမှပြည်ပသို့ နှစ်စဉ်ဆန်တန်ချိန် နှစ်သန်းတင်ပို့ရန် ရည်မှန်းထားဆောင်ရွက်နေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မူဆယ်နယ်စပ်တွင် ဖြစ်ပွားခဲ့သည့်ကုန်ကားများ မီးလောင်မှုအပါအဝင် တိုက်ပွဲများကြောင့် မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ကြုံတွေ့နိုင်သည့်အခြေအနေများကို “နယ်စပ်ကတော့ ဒီဘက်နှစ်ပိုင်းတွေမှာပေါ့၊ ကိုဗစ်စဖြစ်တဲ့အချိန် ၂၀၂၀ ဒီဘက်နောက်ပိုင်းနှစ်တွေမှာ နယ်စပ်ကနေတင်ပို့မှု က ဆန်နဲ့ဆန်ကွဲကို ပြောတာပေါ့နော်။ ဆန်နဲ့ ဆန်ကွဲနယ်စပ်တင်ပို့မှုက တော်တော်နဲသွားပါတယ်။ အရင်ကဆို နယ်စပ်တင်ပို့မှုက ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်အထိရှိတယ်။ ဒါပေမဲ့ ဒီဘက်နှစ်ပိုင်းတွေမှာ နယ်စပ်တင်ပို့မှုက တော်တော်ကိုနည်းနေတဲ့ အနေအထားဖြစ်ပါတယ်။ ကျန်တဲ့သီးနှံတွေပေါ့၊အထူးသဖြင့် ဖရဲ၊သခွားတို့ တခြားသော  လယ်ယာထွက်ကုန်တွေအတွက်ကတော့  ပိုပြီးအရေးကြီးမယ်လို့ ထင်ပါတယ်။ဆန်နဲ့ဆန်ကွဲကတော့ နယ်စပ်တင်ပို့မှုကတော်တော်နည်းတဲ့အတွက်ကြောင့် သိပ်ပြီးတော့  အခက်အခဲတော့မရှိနိုင်ဘူး။ ဒါပေမဲ့ ကျန်တဲ့ သီးနှံတွေ၊အထူးသဖြင့် ဖရဲ၊သခွား၊ သရက်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကတော့  အခက်အခဲရှိနိုင်တဲ့အနေအထားဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က သုံးသပ်ပြောကြားခဲ့သည်။

Most Read

Most Recent