ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျနေသော်လည်း G to G အစီအစဉ်များအပြင် တရုတ်၊ အီးယူစျေးကွက်နှင့် အာဆီယံနိုင်ငံများကပါ မြန်မာ့ဆန်ဝယ်ယူမှု တိုးမြှင့်လာကြောင်း သိရ

ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျနေသော်လည်း G to G အစီအစဉ်များအပြင် တရုတ်၊ အီးယူစျေးကွက်နှင့် အာဆီယံနိုင်ငံများကပါ မြန်မာ့ဆန်ဝယ်ယူမှု တိုးမြှင့်လာကြောင်း သိရ
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အချပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 27 October 2023

လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှုမှာ ယခင်နှစ်ထက် လျော့ကျနေသော်လည်း လက်ရှိအချိန်တွင်  G to G အစီအစဉ်များအပြင် တရုတ်၊ အီးယူစျေးကွက်နှင့် အာဆီယံနိုင်ငံများကပါ မြန်မာ့ဆန်ဝယ်ယူမှု တိုးမြှင့်လာကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

“ဆန်ပြည်ပတင်ပို့မှုနဲ့ပတ်သက်လို့ဆိုရင် ကျွန်တော်တို့ တတ်နိုင်သမျှ G to G အစီအစဉ်တွေရှိတယ်။ အခုဆိုရင် အများဆုံးဝယ်နေတာက တရုတ်နိုင်ငံနဲ့ ဥရောပစျေးကွက်ပေါ့နော်။ အခုဆို အိမ်နီးချင်းအာဆီယံ နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်ဒီနိုင်ငံတွေကလည်း တိုးမြှင့်ပြီးဝယ် လာတာတွေ့ရပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားသည်။

“တန်ချိန် နှစ်သန်းဝန်းကျင်ပို့မယ်မှန်းပါတယ်။ ဒါပေမဲ့ မနှစ်ကနဲ့စာရင် နည်းနေသေးတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ မှာ တင်ပို့နိုင်တဲ့အနေအထားပေါ့၊ အောက်တိုဘာကနေ မတ်လအထိ ခြောက်လကတော့ ပို့ကုန်ရာသီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လဆို ဆန်ပြည်ပတင်ပို့မှုက ဒေါ်လာသန်း ၄၀ ကျော် ဝင်ငွေရပါတယ်”ဟု ဦးရဲမင်းအောင်က ပြောကြားသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၄၉၂၆၀ ကျော်တင်ပို့ခဲ့ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၀၁၉၀ ကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၂၇ ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၄၉၂၆ဝကျော် တင်ပို့ကြောင်းသိရသည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၃၃၄၉၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ဆန်တန်ချိန် ၁၀၁၉၀ ကျော်နှင့် အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၅၅၇၀ ကျော် တင်ပို့ခဲ့သည်။

အာရှနိုင်ငံများတွင် ဆန်တင်ပို့သော နိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၁၇၇၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် ၁၁၃၉၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၉၅၆၀ ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန် ၄၀၆  တန်ကျော်၊ဟောင်ကောင်သို့ ဆန် ၂၃၀ ကျော်နှင့် ထိုင်ဝမ်သို့ တန် ၁၀၀ ကျော် တင်ပို့ခဲ့သည်။

အီးယူအဖွဲ့ဝင်နိုင်ငံများအနက် ဆန်တင်ပို့သော နိုင်ငံများမှာ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၃၁၂၀ တန်ကျော်၊ စလိုဗီးနားနိုင်ငံသို့ ဆန်တန်ချိန် ၁၅၂၀၊ ချက်နိုင်ငံသို့ ဆန်တန်ချိန် ၁၀၅၀ ကျော်၊ အီတလီနိုင်ငံသို့ ဆန်တန်ချိန် ၇၅၀ ကျော်၊ လစ်သူရေးနီးယားနိုင်ငံ၊ ခရိုအေးရှားနိုင်ငံ၊ဘယ်လ်ဂျီယံနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သို့ ဆန်တန်ချိန် ၅၀၀ စီ၊ လက်ဘနွန်နိုင်ငံသို့ ဆန်တန်ချိန် ၃၂၀ ကျော်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန် ချိန် ၃၃၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၁၅၀၊ ဂျာမနီနိုင်ငံသို့ ဆန်တန်ချိန် ၁၃၀၊ လစ်ဗျားနိုင်ငံသို့ ဆန်တန်ချိန် ၁၀၀၊ ရိုမေးနီးယားနိုင်ငံသို့ ဆန် ၁၀၄ တန်၊ ပြင်သစ်နိုင်ငံနှင့် စပိန်နိုင်ငံသို့ ဆန်တန်ချိန် အနည်းငယ်တင်ပို့ခဲ့သည်။မိုဇမ်ဘစ်နိုင်ငံဆန်တန်ချိန် ၃၆၄၀၊ နယူးဇီလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀၀၊ ဘီနင်နိုင်ငံသို့ ဆန်တန်ချိန် ၁၅ရကျော်၊ တိုဂိုနိုင်ငံသို့ ဆန်တန်ချိန် ၁၅၇ ကျော်နှင့် အိုင်ဗရီကို့စ် နိုင်ငံသို့ ဆန်တန်ချိန် ၁၁၁၈ တန်တင်ပို့ခဲ့သည်။

စက်တင်ဘာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ဆန် ၃၄၇၅ တန်ကျော်တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၅၂ သန်း ရရှိသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ချိန် ၅၂၇၃၀ ကျော် တင်ပို့နိုင်ပြီး တန်ဖိုးဒေါ်လာ ၂၈ ဒသမ ၆၀၄ သန်းကျော်ရရှိခဲ့သည်။ ယခင်လဆန်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၂၀၀၀၀ ကျော်ပိုမို တင်ပို့ခဲ့သည်။

စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ ကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ဒေါ်လာ ၁၃ ဒသမ ၁၉၄ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၉၅၅၀ ကျော်တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၅၀၅၀ ကျော်နှင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ဆန်ကွဲတန်ချိန် ၁၄၅၀၀ ကျော် တင်ပို့ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၃၇၃၀ ကျော် တင်ပို့ပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၅၂၂ သန်း ရရှိခဲ့သည်။

စက်တင်ဘာလအတွင်း ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းတန်ချိန် ၈၆၀၁၀ ကျော် တင်ပို့နိုင်ပြီး တန်ဖိုးဒေါ်လာ ၄၃ ဒသမ ၃၂၀ သန်းကျော်ရရှိခဲ့သည်။

Most Read

Most Recent