သူရဦးရွှေမန်းနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

သူရဦးရွှေမန်းနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နေပြည်တော်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
Published 26 November 2016
စိုးမင်းထိုက်၊ ကျော်ဇင်ဝင်း

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရုံးတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံမှုသည် ငြိမ်းချမ်းရေးရရှိရန်အတွက် လိုအပ်သည်များကို ဆွေးနွေးခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက တွေ့ဆုံဆွေးနွေးမှုအပြီး မီဒီယာများအား ပြောကြားသည်။
“ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတာပါ။ ငြိမ်းချမ်းရေးရဖို့အတွက် လိုအပ်တာတွေ ဆွေးနွေးတာပါ။ အသေးစိတ်ကတော့ နောက်မှ ပြောကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကောင်းသောတွေ့ဆုံမှုပါ။ ငြိမ်းချမ်းရေးရရှိဖို့အတွက် သူတို့အမြင်၊ သူတို့သဘောထား ပြောကြတယ်။ ကိုယ်တွေကလည်း ငြိမ်းချမ်းရေးလိုချင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ကိုယ့်အမြင် ကိုယ့်သဘောထားတွေ ပြောကြတယ်။ ငြိမ်းချမ်းရေးအတွက် ကြိုးစားအားထုတ်မှု မှန်သမျှကို အင်မတန်မှ လေးစားတယ်။ တန်ဖိုးလည်း ထားတယ်ဆိုတာလည်း ပြောလိုက်ပါတယ်။ မီဒီယာတွေကလည်း ငြိမ်းချမ်းရေးရရှိဖို့အတွက် တစ်ထောင့်တစ်နေရာက ပါကြပေါ့။ မီဒီယာအခန်းကဏ္ဍကလည်း အရေးကြီးတယ်။ ပြည်သူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တွေလည်း ကြိုးစားပါမယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။
KNU အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်သည့်နေရာတွင် မူလက သဘောထားရှိသည့်အတိုင်း ငြိမ်းချမ်းရေး တည်ဆောက်နေသည့် အစုအဖွဲ့အကုန်လုံးနှင့် ညှိနှိုင်းလက်တွဲပြီး ဆောင်ရွက်သွားမည့် အကြောင်းကို တင်ပြဆွေးနွေးခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက The Daily Eleven သတင်းစာ၏ ဖုန်းဆက်သွယ်မှုအား ဖြေကြားသည်။
“အဓိကတော့ ငြိမ်းချမ်းရေးအကြောင်းအရာပဲ ဆွေးနွေးတယ်။ တခြားအကြောင်းအရာ မဆွေးနွေးဘူး။ အဓိက ကတော့ ငြိမ်းချမ်းရေး Process ကို တည်ဆောက်တဲ့နေရာမှာ NCA မှာပါတဲ့ ပြဋ္ဌာန်းချက်ကို ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်တယ်။ နောက်တစ်ခုက အခုဟာကတော့ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားတွေ၊ နောက်ပြီးတော့ ဒေသအလိုက် ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်မှာ သတ်မှတ်ထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရဲ့လုပ်ငန်းလမ်းညွှန်နဲ့အညီ ကျင်းပဆောင်ရွက်နိုင်ဖို့အတွက် နောက်တစ်ခုကတော့ မြောက်ပိုင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေပေါ့။ ဒါတွေက အကျယ်မဖြစ်ဖို့အတွက် ဒါကတော့ ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်ရပါမယ်။ ဒါကိုတင်ပြတယ်။ သူကလည်း ဒါလိုလိုလားလားနဲ့ သိချင်တဲ့အချက်တွေကို မေးတာပေါ့နော်။ အဓိက ဒီအချက်သုံးချက်ပဲ ဆွေးနွေးတာပါ”  ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
ရှမ်းမြောက်ဒေသတွင် ဖြစ်ပေါ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ ဝမ်းနည်းစရာကောင်းကြောင်း၊ အဆိုပါကိစ္စရပ်များသည်  ဖြစ်လေ့ဖြစ်ထလည်း ရှိကြောင်း၊ ပြဿနာရှိ ပါက အဖြေရှိရမည်ဖြစ်ပြီး ပြေလည်အောင် ကြိုးစားရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက်ကလည်း နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent