ဒေသအသီးသီးရှိ ပအိုဝ်းတိုင်းရင်းသားအားလုံး ပါဝင်နိုင်မည့် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဇန်နဝါရီ၌ ပြုလုပ်မည်

ဒေသအသီးသီးရှိ ပအိုဝ်းတိုင်းရင်းသားအားလုံး ပါဝင်နိုင်မည့် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဇန်နဝါရီ၌ ပြုလုပ်မည်
Published 25 November 2016
ဇာလီမြင့်ဦး

ဒေသအသီးသီးရှိ ပအိုဝ်းတိုင်းရင်းသား အားလုံးကိုယ်စားပြု ပါဝင်နိုင်မည့် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ၂၀၁၇  ခုနှစ် ဇန်နဝါရီတွင် ပြုလုပ်ရန် လျာထားကြောင်း ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အပါအဝင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်း၊ ဒေသအသီးသီးရှိ ပအိုဝ်းလူမျိုးများ ကိုယ်စားပြု ကိုယ်စားလှယ်များ ပါဝင်သည့်  အကြိုညှိနှိုင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့ပြီး  ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
ဦးခွန်မြင့်ထွန်းက “နှစ်ရက်တာ အစည်းအဝေးမှာ ကျွန်တော်တို့ အကြိုညှိနှိုင်းပွဲကနေ ပြီးတော့မှ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပရေး ကော်မတီကို ကျွန်တော်တို့  ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒီအဖွဲ့ဝင် ၈၃ ဦးပါတဲ့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ ဖွဲ့စည်းပြီးတော့မှ ဒီမှာလုပ်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း ဒါကိုလည်း ချမှတ်ပေးခဲ့ပါတယ်။ ပြီးတော့ ဒေသအလိုက်ပေါ့လေ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကြီးကိုတော့ ကျွန်တော်တို့ တစ်နေရာမှာ တောင်ကြီးမြို့မှာ ကျင်းပဖို့ လျာထားတယ်။ အဲဒီမတိုင်ခင်မှာ ကျွန်တော်တို့ ဒေသအလိုက် ကိုယ်စားလှယ်ရွေးချယ်မှု အပါအဝင် အကြိုညှိနှိုင်းပွဲတွေကိုတော့ ဒီ ဒီဇင်ဘာလအတွင်းမှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ပြီးတော့ တစ်မျိုးသားလုံး ပါဝင်တဲ့ ဒေသပေါင်းစုံက ပအိုဝ်းအလွှာပေါင်း စုံ၊ ပအိုဝ်းအဖွဲ့အစည်း ပေါင်းစုံပါတဲ့ ဒီအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကြီးကိုတော့ ကျွန်တော်တို့ ဇန်နဝါရီလ အတွင်းမှာ ကျင်းပဖို့ လျာထားပါတယ်” ဟု ပြောကြားသည်။
ပအိုဝ်းလူမျိုးများ အများဆုံး နေထိုင်ရာ ဒေသများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်၊ မွန်ပြည်နယ်တို့ဖြစ်ပြီး ပဲခူးတိုင်း၊ ကယားပြည်နယ်နှင့် ရန်ကုန်တိုင်း တို့တွင်လည်း နေထိုင်မှုများရှိသည်။
“ကျွန်တော်တို့တွေ အခုအကြိမ်ကျင်းပတဲ့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကတော့ အဲဒီကဏ္ဍ ငါးရပ်စလုံးကို အဓိကထားပြီးတော့ ဆွေးနွေးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေကတော့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုကို အဓိကထားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
ထပ်မံပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မတိုင်မီတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ပုံသဏ္ဌာန်သုံးမျိုးဖြင့် ကျင်းပမည်ဖြစ်ပြီး ဒေသအလိုက်ကို အစိုးရကလည်းကောင်း၊ လူမျိုးအလိုက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီများက လည်းကောင်း၊ အကြောင်းအရာအလိုက်ကို အရပ်ဘက် လူမှုအဖွဲ့အစည်း များကလည်းကောင်း ဦးဆောင်ခေါ်ယူခွင့်ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တာဝန်ရှိသူ များက ပြောကြားထားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဦးဆောင်ခေါ်ယူမည့် အဖွဲ့အစည်းများ အနေဖြင့် ဆွေးနွေးပွဲများ ကျင်းပရာတွင် UPDJC အတွင်းရေးမှူးများမှ တစ်ဆင့် ဒုတိယဥက္ကဋ္ဌများထံ တင်ပြပြီး ဒုတိယဥက္ကဋ္ဌများ၏ အတည်ပြုချက်ဖြင့် ဆွေးနွေးပွဲများကို စတင်နိုင်ကြောင်း သိရသည်။
ပအိုဝ်းအမျိုးသားအဆင့် ဆွေးနွေးပွဲ ကျင်းပရန် ကြီးကြပ်ရေး ကော်မတီကို PNLO မှ ကိုယ်စားလှယ်သုံးဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ သုံးဦးရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ အစိုးရ ကိုယ်စားလှယ်သုံးဦး သတ်မှတ်ပေးရန် တင်ပြရန်ရှိကြောင်း ဦးခွန်မြင့်ထွန်းက ပြောကြားသည်။  
 

Most Read

Most Recent