ပဲခူးမြစ်ကူးတံတား တည်ဆောက်ရန် ဂျပန်ယန်းဘီလျံ ၃၀ ကျော်နှင့် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ဒေါ်လာသန်း ၆၀ ကျော် ချေးယူခွင့်ပြုရန် လွှတ်တော်သို့ တင်ပြ

ပဲခူးမြစ်ကူးတံတား တည်ဆောက်ရန် ဂျပန်ယန်းဘီလျံ ၃၀ ကျော်နှင့် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ဒေါ်လာသန်း ၆၀ ကျော် ချေးယူခွင့်ပြုရန် လွှတ်တော်သို့ တင်ပြ
Published 17 November 2016

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရန်နှင့် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ချေးငွေများ ချေးယူရန် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်သို့  သဝဏ်လွှာ ပေးပို့ထားကြောင်း သတင်းရရှိသည်။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်နှင့် သန်လျင်ကို ဆက်စပ်ပေးမည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၃၁ ဒသမ ၀၅၁ ဘီလျံချေးယူမည်ဖြစ်ကြောင်း၊ ချေးငွေရယူမည့် သဘောတူညီချက်အနေဖြင့် ဆိုင်းငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ ၃၀ နှစ်ဖြင့် ချေးငွေသက်တမ်းမှာ နှစ် ၄၀ ဖြစ်ပြီး အတိုး နှုန်းမှာတစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ယင်းစီမံကိန်းဆောင်ရွက်ခြင်းဖြင့် သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြုပြီး တိုးတက်လာမည့် ပြည်တွင်းပြည်ပစီးပွားရေး လုပ်ငန်းများအတွက် လမ်းပန်းဆက်သွယ်မှု အခြေခံအဆောက်အအုံကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ရန်ကုန်မြို့နှင့် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များ၏ လူမှုစီးပွားဘဝကို တိုးတက်စေမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကိုရီးယားသမ္မတ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၃ သန်းချေးယူမည်ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။အဆိုပါချေးငွေအား ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆပ်ကာလ ၂၅ နှစ်ဖြင့် ချေးငွေသက်တမ်းနှစ် ၄၀ ဖြစ်ကြောင်း၊ အတိုးနှုန်းအနေဖြင့် တစ်နှစ်လျှင် ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေ ထုတ်ယူသည့် အကြိမ်တိုင်းတွင် ထုတ် ယူသည့် ပမာဏအပေါ်တွင် ဝန်ဆောင်ခ ၀ ဒသမ ၁ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားချက်အရ သိရသည်။ယင်းစီမံကိန်းအတွက် ဘဏ္ဍာရေး နှစ်အလိုက် သုံးစွဲမည့်ချေးငွေ လျာထားချက်များအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၁၆ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၀၀၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၆၂၅ သန်း၊၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၃၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂၃၃ သန်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၉၅ သန်း သတ်မှတ်ထားကြောင်း သိရသည်။တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် တွံတေးတူးမြောင်းအတွင်း ရေကြောင်း သွားလာမှု လုံခြုံစိတ်ချရစေခြင်း၊ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်လာစေခြင်း၊ ခရီးသွားလုပ်ငန်း တိုးတက်လာစေခြင်း၊ ကမ်းပြိုကမ်းစားမှုနှင့် ရေကြီးရေလံျှမှုတို့ ကာကွယ်နိုင်သဖြင့် စိုက်ပျိုးမြေဆုံးရှုံးမှု လျော့နည်းစေခြင်း၊ ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို လုံခြုံစေခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ယင်းသဝဏ်လွှာတွင် ဖော်ပြထားချက်အရ သိရသည်။ယင်းစီမံကိန်းနှစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ လာရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent