ရခိုင်အရေးနှင့် စပ်လျဉ်း၍ မည်သည့် အရာကိုမျှ ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်း မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရခိုင်အရေးနှင့် စပ်လျဉ်း၍ မည်သည့် အရာကိုမျှ ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်း မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 4 November 2016
မျိုးမင်းထက်

ရခိုင်အရေးနှင့် စပ်လျဉ်း၍ မည်သည့် အရာကိုမျှ ဖုံးကွယ်ရန် ကြိုးစားခဲ့ခြင်း မရှိကြောင်း ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အစိုးရအနေဖြင့် ပြဿနာ၏ အကြောင်းရင်းကို ဖော်ထုတ်ရန် ကြိုးစားနေကြောင်း၊ စုံစမ်းစစ်ဆေးမှုများ မပြီးမချင်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ စွပ်စွဲမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှုမှာ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည့် မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်) အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်တွင် နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးများသို့ အကြမ်းဖက် သမားများက အလစ်အငိုက်ရယူ၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဦးကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ရှစ်ဦး၏ အလောင်းများ ရရှိခဲ့ပြီး နှစ်ဦးအား အရှင်ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့ထံမှ လုပ်သေနတ် ပစ္စတိုတစ်လက်၊ ကျည်နှစ်တောင့်နှင့် ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်သည် ၎င်းဒေသတွင် အများစု ရောက်ရှိနေထိုင်လျက်ရှိသော အစ္စလာမ် ဘာသာဝင်များအတွင်း အစွန်းရောက် အကြမ်းဖက်ဝါဒ တိုးမြင့်လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ် ရရှိခဲ့ကြောင်း၊ မောင်တောဒေသကို ခြေကုပ်ယူ၍ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းအားထုတ် ခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံ အချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ခြင်းဖြစ်ကြောင်း နှင့် ငွေကြေးများ ထောက်ပံ့မှုပြုရာတွင် အဖွဲ့အစည်းအလိုက် ဆောင်ရွက်ခြင်း မပြုဘဲ လူပုဂ္ဂိုလ် တစ်ဦးချင်း ဆက်သွယ်မှုဖြင့် လျှို့ဝှက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီး မျှမျှတတနှင့် တရားဥပဒေ စိုးမိုးရေးအောက်တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် နယ်သာလန်နိုင်ငံ ခြားရေးဝန်ကြီး H.E.Mr.Bert Koenders နှင့် တွေ့ဆုံပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံရာတွင်လည်း ပြောကြားထားသည်။
ထို့ပြင် ဂျပန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်အရေးကို တရားဥပဒေ စိုးမိုးရေး၏ အခြေခံမူများကို အခြေခံပြီး တုံ့ပြန်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည် Reuters သတင်းဌာနက ဖော်ပြထားသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Fumio Kishida နှင့် နိုဝင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၉  နာရီ ၄၅ မိနစ်တွင် The Imperial Hotel ၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
“ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာဟာ အလွန်သိမ်မွေ့ပြီး တုံ့ပြန်ဆောင်ရွက်ရာမှာ အလွန်ဂရုစိုက်ဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို တရားဥပဒေ စိုးမိုးရေးရဲ့အခြေခံမူများကို အခြေခံပြီး တုံ့ပြန်ဆောင်ရွက် နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 

Most Read

Most Recent