နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေပြီး ဂျပန်ရောက် မြန်မာများနှင့် ယနေ့တွေ့ဆုံမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေပြီး ဂျပန်ရောက် မြန်မာများနှင့် ယနေ့တွေ့ဆုံမည်
Published 1 November 2016
မျိုးမင်းထက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေ အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ခွဲတွင် တရားဝင် ချစ်ကြည်ရေးခရီး ရောက်ခဲ့ရှိပြီး ယနေ့ (နိုဝင်ဘာ ၂) ရက်တွင် ဂျပန်ရောက် မြန်မာများနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ရောက် မြန်မာများက သွားရောက်ကြိုဆို ခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါ တွေ့ဆုံပွဲအား နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံတွင် ၁၄ နှစ်ကြာ အလုပ်လုပ်ကိုင်နေသူ ဦးမြင့်ဆွေက “အကျိုးသက်ရောက်မှုကတော့ လူတိုင်းနဲ့ နည်းနည်းတော့ ကွာသွားမှာပေါ့။ လူတိုင်း လူတိုင်းမှာတော့ တစ်ပုံစံတည်း အကျိုးသက်ရောက်မှု ရှိချင်မှ ရှိမှာပေါ့။ ဥပမာ နှစ်ကြာထားတဲ့လူ၊ တရားဝင် ဗီဇာရထားတဲ့ လူအတွက်တော့ ဘာမှထူးထူးခြားခြား ပြောင်းလဲဖို့ အလားအလာ မရှိပါဘူး။ သို့သော် အခုမှ ရောက်ပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ ဗီဇာကို စွန့်ခွာပြီးတော့ ဒုက္ခသည် လျှောက်မယ့်လူ၊ လျှောက်နေတဲ့လူ၊ လျှောက်ထားဆဲ လူတွေပေါ့ အဲဒီတော့ ဘယ်လိုအကျိုး သက်ရောက်မှု ရှိမလဲ ဆိုတာတော့ လဝကက ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ အဖို့ကတော့ ဘာမှမထူးခြားဘူးလို့ ယူဆတာပဲ” ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။
“ကျွန်တော့်အနေနဲ့ကတော့ ထွေထွေထူးထူး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ထက်ပိုပြီးတော့ စဉ်းစားနိုင်တဲ့၊ တွေးခေါ်နိုင်တဲ့၊ အတွေ့အကြုံရှိတဲ့ ကျွန်တော်တို့ ခေါင်းဆောင်ဟာ သူဘာလုပ်ရမယ် ဆိုတာကို ကျွန်တော်တို့ မဆွေးနွေးလည်း သူသိပြီးသားပါ။ သို့သော် အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အသံလေးတွေကို အတတ်နိုင်ဆုံးတော့ ဟိုအောက်ခြေက အသံကတော့ အပေါ်ကို ရောက်ဖို့ကတော့ နည်းနည်းတော့ခက်တော့ တွေ့တဲ့အချိန်မှာ အဲဒီအသံလေးတွေ နည်းနည်းထုတ်ပေးချင်တယ်။ ဒါပေမဲ့ တွေ့ခွင့်ရမယ် မရဘူး ဆိုတာကလည်း အခြေအနေက တိတိကျကျ မပြောနိုင်သေးဘူး” ဟု  ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည်  ဂျပန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာသွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်မှာ ငါးရက်ကြာမည် ဖြစ်ကြောင်း သတင်းရရှိ သည်။
အဆိုပါ ခရီးစဉ်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာန၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.Masaki Yasumatsu  နှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။    

Most Read

Most Recent