အစိုးရအဖွဲ့တွင် ပါတီမှ ပုဂ္ဂိုလ်အနည်းစုသာ ပါဝင်ခြင်းသည် စီးပွားရေး ပေါ်လစီအား အကောင်အထည် ဖော်ရာ၌ ကန့်သတ်ချက်တစ်ခု ဖြစ်နေကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့် ပြောကြား

အစိုးရအဖွဲ့တွင် ပါတီမှ ပုဂ္ဂိုလ်အနည်းစုသာ ပါဝင်ခြင်းသည် စီးပွားရေး ပေါ်လစီအား အကောင်အထည် ဖော်ရာ၌ ကန့်သတ်ချက်တစ်ခု ဖြစ်နေကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့် ပြောကြား
Published 1 November 2016
ငြိမ်းဇော်လင်း၊ ဝီရမိုးနေ

အစိုးရသည် ပါတီမှ ရွေးချယ်ထားသည် မှန်သော်လည်း ပါတီမှပုဂ္ဂိုလ်များ အနည်းစုသာ ပါဝင်ခြင်းသည် စီးပွားရေး ပေါ်လစီအား အကောင်အထည်ဖော်ရာတွင် ကန့်သတ်ချက် တစ်ခုဖြစ်နေကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောကြားသည်။
နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ ဆဋ္ဌမအကြိမ်မြောက် တွေ့ဆုံပွဲတွင် အမှာစကား ပြောကြားစဉ် ဦးဟံသာမြင့်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖြစ် တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံ၏ စီးပွားရေး အခြေအနေမှာ လူတိုင်းဝေဖန် နေသကဲ့သို့  မှန်းထားသကဲ့သို့ မြင့်တက်မလာဘဲ တက်ကိုမလာသည့် သဘောတွင်ရှိကြောင်း၊ သို့ရာတွင် အများပြောဆို နေကြသည့် အချက်အချို့မှာ မှားယွင်းနေကြောင်း၊ NLD အစိုးရ တက်လာပြီး နောက်ပိုင်း ပို့ကုန်တန်ဖိုးများ ကျဆင်းသွားသည်ဟု ပြောဆိုနေမှုမှာ မှားယွင်းကြောင်း၊ စက်တင်ဘာ ၁၆ ရက်ထိ ရရှိသည့် စာရင်းများအရ ပို့ကုန်တန်ဖိုးသည် အနည်းငယ် မျှတက်လာကြောင်း၊ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး နှစ်ခုပေါင်းမှာ ကျဆင်းခဲ့ကြောင်း၊ မည်သည့်အတွက်ကြောင့် ကျဆင်းသွားရသည်မှာ လုပ်ငန်းအချို့ ရပ်ဆိုင်းသွားခြင်း၊ သွင်းကုန်တန်ဖိုး၏ ဒုတိယနေရာတွင် လိုက်နေသည့် ကားတင်သွင်းမှုကို ရပ်ဆိုင်းလိုက်ခြင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းခြင်း စသည့်အကြောင်းရင်းများ ပါဝင်ကြောင်း ဦးဟံသာမြင့်က ပြောကြားသည်။
“ကျွန်တော်တို့ အစိုးရဖွဲ့စဉ်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒကို အခြေခံပြီးတော့ စပြီးတော့ အစိုးရကိုဖွဲ့တာ။ ဖွဲ့တဲ့အခါကျတော့ တကယ့်တကယ်ကျ အစိုးရအဖွဲ့ထဲမှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အားလုံး ၂၅ ယောက် ရှိတဲ့အထဲမှာ ကျွန်တော်တို့ ပါတီက အားလုံးရှစ်ယောက်ပဲ ပါပါတယ်။ သုံးပုံတစ်ပုံပဲရှိတယ်။ ပါတီကလူက သုံးပုံတစ်ပုံပဲ၊ ဆိုပေမယ့် ကျွန်တော်တို့က ငါတို့လုပ်တဲ့ အလုပ်တွေက အကုန်လုံး ရောထွေးပြီးတော့ လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ ရွေးကောက်ပွဲကို ဝင်ကတည်းက လူထုကို ကတိကဝတ်တွေ ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ စီးပွားရေးပေါ်လစီ ဆိုတာလည်း ပါတယ်။ အဲဒီပေါ်လစီ အတိုင်းသာ ကတိပေးပြီး ထားပြီးမှတော့ ဆက်ပြီးလုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ ကတိကဝတ်ရှိတဲ့ အခါမှာ ကျွန်တော်တို့က တကယ်လုပ်တော့မယ်ဆိုတော့ လက်တွေ့ အကောင်အထည်ဖော်တာနဲ့ ပေါ်လစီနဲ့က နည်းနည်းကွာဟတာတွေ ရှိလာတယ်။ ဘာကြောင့်ရှိရသလဲဆိုတာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့စပြီးတော့ ကျွန်တော်တို့ ပါတီရဲ့ စီးပွားရေးမူဝါဒကို စဆွဲတဲ့အခါမှာ ပညာရှင်တွေရယ်၊ ကျွန်တော်တို့ဆီက နိုင်ငံရေး တာဝန်ရှိတဲ့သူတွေနဲ့ပေါင်းပြီး ဒီလိုပဲဆွဲကြပါတယ်။ ကျွန်တော့်စီးပွားရေး ကော်မတီကနေ တာဝန်ယူရေးဆွဲပါတယ်။ ဆွဲတဲ့အခါမှာ အချို့အချို့သော လိုအပ်တဲ့ အချက်အလက်တွေ၊ Data ပေါ့။ Data တွေမရဘူး။ အဆန်းမ်ရှင်းနဲ့လုပ်ပြီး ရေးရတာတွေရှိတယ်။ အချို့အခြေအနေ တွေကလည်း ကျွန်တော်တို့ မသိပါဘူး။ မသိဘဲနဲ့ မှန်းပြီးဆွဲရတာ ရှိပါတယ်။ အဲဒီတော့ တကယ့်တကယ် အလုပ်လုပ်တဲ့အခါမှာ တကယ်လုပ်ထားတဲ့ ကိစ္စတွေက တကယ်လက်တွေ့ သိလာတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ အဆန်းမ်ရှင်းကို ပြန်ပြင်ရပါတယ်။ အဲဒီတော့ ကြည့်လိုက်မယ်ဆိုရင် နောက်ဆုံးထွက်လာတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်နဲ့က အများကြီး မကွာဘူး။ တူတူလောက် ဖြစ်ပါတယ်။ သို့သော်လည်း သေချာစိစစ်ပြီး ကတ်သီးကတ်သတ်ပြောမယ် ဆိုရင်တော့ ကွာနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြစ်အောင် ကြိုးစားဆွဲပါတယ်။ အဲဒီတော့ နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒကို ဆောင်ရွက်တဲ့ အခါကျတော့လည်း အကောင်အထည် ဖော်တော့လည်း ကျွန်တော်တို့မှာ ကြုံရတဲ့ အခက်အခဲတွေ ရှိပါတယ်။ ကန့်သတ်ချက်တွေပေါ့။ ဒီကန့်သတ်ချက်တွေက ကျွန်တော်တို့ စီးပွားရေး မူဝါဒတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျန်တဲ့နေရာတွေလည်း ရှိပါတယ်။ ပထမက ကန့်သတ်ချက်က ခုနက ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ ပါတီရဲ့အစိုးရလို့ အပြည့်အဝပြောလို့ မရပါဘူး။ ပါတီကရွေးတာ မှန်ပေမယ်လို့ ပါတီကနေသွားတဲ့ ပုဂ္ဂိုလ်များဟာ အနည်းစုသာ ဖြစ်ပါတယ်။ အဲဒီတော့ ဒါလက်တွေ့ ကန့်သတ်ချက်တစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေက ရှိပြီးသား။ အကျယ်ချဲ့ပြီး ပြောမနေတော့ပါဘူး။ အရေးကြီးဆုံး အချက်ကတော့ ခုနကပြောတဲ့ အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲရေးအပိုင်း၊ ဥပဒေပြုရေးအပိုင်း၊ တရားစီရင်ရေးပိုင်းတွေမှာ ကျွန်တော်တို့ပါတီက တိုက်ရိုက်ပါဝင် ပတ်သက်လို့ မရပါဘူး။ အဲဒီတော့ အစိုးရလုပ်နေတဲ့ ကိစ္စတွေကို ကျွန်တော်တို့က ဘာလုပ်ဆိုပြီး အစိုးရကို သွားလုပ်လို့ မရပါဘူး။ ကိုယ့်ဝန်ကြီးတွေ ဆိုပေမယ့် ကိုယ့်ဝန်ကြီးတွေက သူ့သမ္မတနဲ့သူ သူ့အစိုးရနဲ့သူ လုပ်နေတာပါ။ ဒီနေရာမှာ ဘာလို့ဆွေးနွေးနေလဲဆိုတော့ ကျွန်တော်တို့ ပါတီအနေနဲ့ သွားပြောလို့မရပါဘူး” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဦးဟံသာမြင့်က ပြောကြားသည်။
ထို့အတူ တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများမှာလည်း စီးပွားရေးမူဝါဒကို အကောင်အထည်ဖော်ရန် ကန့်သတ်ချက် တစ်ခုဖြစ်ကြောင်း ဦးဟံသာမြင့်က ပြောကြားသည်။
“အစိုးရတစ်ခုရဲ့ ပေါ်လစီကို တာဝန်ယူပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရတာကတော့ အစိုးရ ယန္တရားကြီးပါ။ ဗျူရိုကရေစီ ယန္တရားပါ။ အဲဒီတော့ ဗျူရိုကရေစီ ယန္တရားကြီးကို လည်ပတ်တဲ့အခါမှာ သူ့ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့ ဆောင်ရွက်ရပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အခါကျတော့ အခုရှိနေတဲ့ ဟာတွေက အချို့ဟာတွေက ဒီအတိုင်းပဲ ဆက်လုပ်ထားတာ။ အဲဒါလည်း အမှားမဟုတ်ပါဘူး။ ဗျူရိုကရေစီ ယန္တရားရဲ ထုံးစံ ဒီအတိုင်းပဲ။ ချထားတဲ့အမိန့် အဲဒီအမိန့် ကိုမဖျက်မချင်း ဒီအတိုင်းပဲ လုပ်ရတာပါ။ အဲဒီလိုမှမလုပ်ဘူး ဆိုရင်လည်း ပြဿနာ ဖြစ်မှာ။ ဒီဗျူရိုကရေစီ ယန္တရားကြီးက သူ့မှာ အမြစ်တွယ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေ နည်းဥပဒေတွေ ရှိပါတယ်။ ဒါတွေနဲ့ ဆက်လုပ်တဲ့အခါမှာ ကျွန်တော်တို့ ခိုင်းတာကို နောက်ကနေ လိုက်မလုပ်တာ ရှိတာပေါ့။ ဒါကလည်း ဒီအတိုင်းပါပဲ။ ကျွန်တော် ဒီကိစ္စကို နိုင်ငံခြားကလာတဲ့ စီးပွားရေးပညာရှင်တွေ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ သူတွေလာရင် ကျွန်တော်တို့က ပြောပြတာပေါ့။ ဒီမိုကရေစီ ရင့်ကျက်နေပြီဆိုတဲ့ နိုင်ငံတွေတောင်မှ ဗျူရိုကရေစီ ယန္တရားကြီးက ဒီလိုဖြစ်နေတာပေါ့။ ဗျူရိုကရက်တစ် အင်နာရှားပေါ့။ အင်နားရှားဆိုတာ သိပ်မလှုပ်တာပေါ့။ သူသွားနေတဲ့အတိုင်း ဆက်သွားတာပေါ့။ ဒီဗျူရိုကရက်တစ် အင်နားရှားက နိုင်ငံတိုင်းမှာ ရှိနေတာ။ ခုချက်ချင်း ဖြစ်စေဆိုပြီး လုပ်လို့မရပါဘူး။ အရှိန်နဲ့သွားနေတဲ့ မော်တော်ကားတစ်စီးကို ချိုးကွေ့လိုက်ရင် တလိမ့်ခေါက်ကွေး ဖြစ်သွားမှာပေါ့။ ဒါထုံးစံပါပဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံတင် ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ အစိုးရ အပြောင်းအလဲမှာ ဒါမျိုးဖြစ်နေတာပါလို့ ကျွန်တော်တို့ကို ပြောပါတယ်” ဟု ဦးဟံသာမြင့်က ဆက်လက်ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်နှင့် ဦးဟံသာမြင့်၊ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဌေးတို့က အဖွင့်အမှာစကား ပြောကြားသည်။
ထို့ပြင် စီးပွားရေး အခြေအနေများနှင့် ပတ်သက်၍ သမ္မတဦးထင်ကျော်ကလည်း နိုင်ငံ့စီးပွားရေးနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေကြကြောင်း၊ နိုင်ငံ့စီးပွားရေးကို အကျိုးပြုနိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များဖြစ်ရန် အစိုးရဌာနဆိုင်ရာများက တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှု အပြည့်အဝရှိရန် အရေးကြီးကြောင်း အောက်တိုဘာ ၃၁ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၆) အစည်းအဝေးတွင် ပြောကြားသည်။
 

Most Read

Most Recent