ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်လာရေး အလွန်အရေးကြီးကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ပြောကြား

ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်လာရေး အလွန်အရေးကြီးကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ပြောကြား
Published 30 October 2016
စိုးမင်းထိုက်

ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လာရေးသည် အလွန်အရေးကြီးကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။အောက်တိုဘာ ၂၈ မှ ၂၉ ရက်အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး အပြီးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ဒေါက်တာ ဆလိုင်းလျန်မုန်းက “ဒီနိုင်ငံရေး ဆွေးနွေးပွဲက အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်လောက် ကြာမယ်ဆိုတော့ ဒီဖြစ်စဉ်မှာ လက်နက်ကိုင် အဖွဲ့အားလုံး ပါကို ပါဖို့ လိုပါတယ်။ အားလုံးမပါဘဲ၊ တချို့တဝက်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတာ တစ်ပြည်လုံးမှာ ငြိမ်းချမ်းရေးကို ဖန်တီးလို့ရမှာ မဟုတ်ပါဘူး။ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ဆိုရင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံး ပါဝင်လာဖို့ အင်မတန်မှ လိုအပ်ပါတယ်။ အဲဒီအတွက် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။အဆိုပါ အစည်းအဝေးတွင် ရှေ့ဆက်ဆောင်ရွက်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး လုပ်ငန်းစဉ်များ ချမှတ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ဆက်လက်၍ “တစ်ဖက်မှာလည်း လက်မှတ်ရေးထိုးတဲ့ အဖွဲ့နဲ့ လက်မှတ် မရေးထိုးရသေးတဲ့အဖွဲ့ ရှိနေသေးတယ်။ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အဲဒီအဖွဲ့တွေအားလုံး ပါဝင်နိုင်ရေးကိုလည်း ဆက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။၂၁ ရာစုပင်လုံ အစည်းအဝေး ကျင်းပသည့် အချိန်တွင် အားလုံးပါဝင်နိုင်အောင် ကြိုးစားသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း ပြောကြားထားကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း ဆိုပါက လက်မှတ်မထိုးသေးသည့် အဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် အစိုးရဘက်မှ ကြိုးစားဆောင်ရွက်မည်ဟု သဘောပေါက်ကြောင်း၊ ထို့အတွက် ကြိုဆိုကြောင်း၊ လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပါဝင်လာအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်တာက အလွန်အရေး ကြီးပါတယ်။ ဘာလို့လဲဆိုတော့ အနှစ် ၆၀ ကျော်ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်ဖို့အတွက် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာဖို့က အရေးကြီးပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မှပဲ တကယ့် ငြိမ်းချမ်းရေးကို ရရှိမှာပါ။ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်လာဖို့အတွက် ဒေသအလိုက် ဆွေးနွေးပွဲတွေလုပ်ဖို့ လိုအပ်သလို၊ ဒေသအလိုက်လည်း လုပ်ဖို့လိုပါတယ်။ အကြောင်းအရာ အလိုက်လည်း လုပ်ဖို့လိုပါတယ်။ ဆွေးနွေးချက်တွေ အားလုံးကို စုစည်းပြီးတော့မှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုတဲ့ အခါကျရင် ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ဆက်လက်၍ “အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ဆိုတာ တိုက်ရိုက် မရှိပါဘူး။ အဆင့်ဆင့်အလိုက် ဆွေးနွေးရမှာပါ။ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေမှာ နိုင်ငံရေး ကဏ္ဍတစ်ခု ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကိစ္စဆိုပြီးတော့ ပါပါတယ်။ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ရိုက် ပြင်ဆင်ရမယ် ဆိုပြီးတော့ ပါတာ မဟုတ်ဘူး။ ဆွေးနွေးချက်တွေကို UPDJC လုပ်ငန်းကော်မတီကို တင်ရမယ်။ အဲဒီကနေတစ်ဆင့်မှ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ လုပ်ရမှာ။ တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်ရမှာပါ” ဟု ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ ဒီစားပွဲမှာ ထိုင်နေသူတွေရော၊ မထိုင်နေတဲ့ သူတွေရော၊ ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတဲ့ သူတွေနဲ့ ဆက်နွှယ်နေတဲ့ သူအားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်းမှာ တာဝန်ရှိတယ်လို့ ခံယူစေချင်ပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်မရေးထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ရှာရပါလိမ့်မယ်။ လက်မှတ်မရေးထိုးရသေးတဲ့ အစုအဖွဲ့တွေကလည်း ပါဝင်လာဖို့ စိတ်အား ထက်သန်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလမ်းဆိုတာ တစ်လမ်းပဲ ရှိပါတယ်။ ပဋိပက္ခ ရပ်စဲရေးလမ်းပဲ။ ပဋိပက္ခ မရပ်စဲဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာ ဘယ်လိုမှ လက်တွေ့ကျတဲ့ ကိစ္စဖြစ်နိုင်တယ် မဟုတ်ပါဘူး။ အပြောပဲရှိမယ်၊ အဖြစ်မရှိဘူး။ ပဋိပက္ခရပ်စဲရေး လမ်းကြောင်းကို အားလုံး ဦးတည်ရမှာ ဖြစ်ပါတယ်။ အားလုံးက ဝိုင်းပြီးတော့ စဉ်းစားစေချင်တယ်” ဟု အောက်တိုဘာ ၂၈ ရက်က ပြောကြားသည်။

Most Read

Most Recent