နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်တွင် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်တွင် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်
Published 29 October 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်တွင် တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်မှာ ငါးရက်ခန့် ကြာမည်ဖြစ်ကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်မှ စတင်၍ ငါးရက်ကြာ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားကြောင်း Kyodo သတင်းတွင် ဖော်ပြထားသည်။အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပြင် အခြား တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားထားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့တွင် ပြုလုပ်သည့် (၂၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် (၂၉)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကာလအတွင်း သီးခြားတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကိစ္စများတွင် ဂျပန်က အပြည့်အ၀ ထောက်ခံကူညီသွားမည်ဖြစ်ကြောင်း ပြောကြားထားကာ အဆိုပါ သီးခြားတွေ့ဆုံမှုတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး အောက်တိုဘာလအတွင်း လာရောက်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Hiroto Izumi သည် သြဂုတ် ၂၅ ရက်တွင် နေပြည်တော်ရှိ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှု၌ ရန်ကုန်မြို့ပြ မဟာစီမံကိန်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီလဝါစီးပွားရေးဇုန် ဖွံံ့ဖြိုးတိုးတက်ရေး၊ ရေသုတေသနလုပ်ငန်း အပါအဝင် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမှု အတွက် သာမက မြန်မာနိုင်ငံအတွက် ရေရှည်အကျိုးရှိမည့်၊ ပြည်သူများ အလုပ်အကိုင် ဖန်တီးပေးနိုင်မည့်၊ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်စေမည့်၊ နိုင်ငံအတွင်းရှိ ဒေသများ အားလုံး မျှတစွာ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အစီအစဉ်များ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယ သမ္မတ နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်း၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU on Cooperation in the Power Sector) ကို လက်မှတ်ရေးထိုးခြင်းနှင့် ယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် ဗုဒ္ဓဂယာရှိ ရှေးဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းနှင့် မင်းတုန်းမင်း၊ ဘကြီးတော်မင်း ကျောက်စာများအား မွမ်းမံပြင်ဆင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ကြရန်လည်း သဘောတူညီခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent