နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း

နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချစ်ကြည်ရေးခရီးစဉ်အပေါ် ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး Facebook)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချစ်ကြည်ရေးခရီးစဉ်အပေါ် ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားစဉ် (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး Facebook)
Published 29 October 2016
မျိုးမင်းထက်၊ ကျော်ဇင်ဝင်း

တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နှစ်နိုင်ငံ နယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kun က အောက်တိုဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကူမင်းမြို့၊ Zhongwei Hotel Ballroom ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။အဆိုပါ ညစာစားပွဲသို့ မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများ၊ ယူနန်ပြည်နယ် စစ်ဒေသမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း၊ ယူနန်ပြည်နယ် စစ်ဒေသ နိုင်ငံရေးမှူး Maj. Gen. Yu Kun က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့အား ဂါရဝပြု ကြိုဆိုပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ညစာသုံးဆောင်ပြီးချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နှစ်နိုင်ငံ နယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်ဦးနှစ်ဖက် သိရှိနားလည်စွာနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းနှင့် ချစ်ကြည်ရေးခရီးစဉ်အပေါ် ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၏ အနောက်မြောက်ဘက်တွင်ရှိသော Yunnan Ethnic Village သို့ သွားရောက်လေ့လာရာတွင် ဦးစွာ Tibetan Village သို့ ရောက်ရှိပြီး ရွာအတွင်းနှင့် ဘုရားကျောင်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ ထို့ပြင် Naxi Vill-age၊ Bai Village၊ Yi Village နှင့် Dai Village တို့အား လေ့လာကြရာ တာဝန်ရှိသူများက တိုင်းရင်းသားများ၏ ရိုးရာအဆောက်အအုံများ၊ အနုပညာလက်ရာများ၊ ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ရှင်းလင်းပြသ ဖျော်ဖြေ တင်ဆက်ကြကြောင်း၊ ထို့နောက် Xi Shan ဒေသ Guo Lin ရွာရှိ စိုက်ပျိုးရေးခြံ တစ်ခြံအား သွားရောက်လေ့လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ လိုက်ပါသွားကြောင်း သတင်းထုတ်ပြန်ထားသည်။ထိုသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ချိန်သည် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ မိုင်းလားဒေသတွင် ‘ဝ’ တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲမှုအား အောက်တိုဘာ ၂၄ ရက် နောက်ဆုံးထား ဆုတ်ခွာပေးရန် တပ်မတော်ဘက်က အကြောင်းကြားထားသော်လည်း ‘ဝ’ တပ်ဖွဲ့များက ဆုတ်ခွာပေးခြင်း မရှိသဖြင့် ယင်းဒေသတွင် စစ်ရေး တင်းမာနေချိန်လည်းဖြစ်သည်။တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက “ကျွန်တော့် အမြင်ကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်ဟာ မြန်မာ့တပ်မတော်နဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကြား ဆက်ဆံရေး ပိုမိုမြှင့်တင်ဖို့ကလည်း အချက်တစ်ချက်လို့ ကျွန်တော်မြင်တယ်။ နောက်ပြီးတော့ လက်ရှိ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာတော့ အခုန “ဝ” ဒေသမှာ တင်းမာမှုတွေ ဖြစ်နေတယ်။ အဲဒီ အချက်နဲ့တော့ ဆက်စပ်နိုင်တယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ တစ်နည်းအားဖြင့် ပြောရင်တော့ တပ်မတော်နဲ့ UWSA ကြားပေါ့လေ ဖြစ်နေတဲ့ တင်းမာမှု၊ တစ်နည်းအားဖြင့် ပြောရင်တော့ လက်ရှိ အစိုးရနဲ့ပေါ့လေ။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေရဲ့ အစိတ်အပိုင်း တစ်ခုလို့ ပြောလို့ရတဲ့ လက်ရှိ ဒီတပ်မတော်နဲ့ ဒီ UWSA ကြားမှာ ဖြစ်နေတဲ့ တင်းမာမှုတွေမှာ ဒီတရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နဲ့ တရုတ်အစိုးရ အနေနဲ့ ကြားဝင်ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ့် ခြေလှမ်းတစ်ခုလို့လည်း ပြောလို့ရနိုင်မယ်လို့ ထင်တယ်။ ဒါပေမဲ့ ဆိုလိုချင်တဲ့ သဘောက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ် အတွင်းမှာလည်း တရုတ်အစိုးရ အနေနဲ့က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကူညီဆောင်ရွက်မယ်ဆိုတဲ့ သဘောမျိုး ပြောထားတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ပြောတဲ့ စကားအရရော၊ နောက်ပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အနေအထားအရရော ကြည့်မယ်ဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ်ကနေပြီးတော့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး အပိုင်းမှာ အလားအလာကောင်း တချို့ရလာနိုင်တယ်လို့ မြင်တယ်” ဟု သုံးသပ်ပြောကြားသည်။စစ်ရေးတင်းမာမှုများကြောင့် ကျိုင်းတုံနှင့် မိုင်းလားဒေသအကြားရှိ တာပင်းဂိတ် အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းအရ အရေးပါသည့် ဂိတ်များအား တပ်မတော်ဘက်က ယာယီပိတ်ထားဆဲ ဖြစ်သည့်အပြင် တပ်မတော်ဘက်မှ သံချပ်ကာနှင့် လေကြောင်းစစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း အောက်တိုဘာ ၂၈ ရက်တွင် သတင်းဌာနအချို့၏ သတင်းဖော်ပြမှုအရ သိရသည်။နိုင်ငံအတွင်း လက်ရှိ ဖြစ်ပေါ်နေသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတအိမ်တော်၌ အောက်တိုဘာ ၁၄ ရက်က အထူးအစည်းအဝေး ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး၌ ‘ဝ’ အထူးဒေသ(၂)နှင့် အထူးဒေသ(၄) မိုင်းလားတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေတို့ တက်ရောက်ခဲ့သည်။  

Most Read

Most Recent