နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့ တွေ့ဆုံဆွေးနွေး
Published 17 October 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၁၆ ရက်၌ အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းတို့သည် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက နိုင်ငံများ ပါဝင်သော အဓိက ထွန်းသစ်စ စီးပွားရေးနိုင်ငံများအဖွဲ့ (BRICS) ညီလာခံနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ဖွဲ့စည်းထားသော BIMSTEC ညီလာခံသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံ ဂိုအာမြို့သို့ ရောက်ရှိနေစဉ်အတွင်း တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမှုတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းက တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ အစဉ်အလာ ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုနှင့် နယ်ပယ်စုံ၌ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုအား ရှေ့ဆက် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု တရုတ် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းက လက်ရှိလုပ်ဆောင်နေသည့် စီမံကိန်းကြီးများ၊ စက်မှုဇုန်များ၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ရေအရင်းအမြစ် ထိန်းသိမ်းရေး၊ ပညာရေး၊ ဆေးပညာ စောင့်ရှောက်မှု၊ ခရီးသွားလုပ်ငန်း၊ ဗုဒ္ဓသာသနာနှင့် ဒေသတွင်း ကိစ္စရေးရာများအား ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
နှစ်နိုင်ငံ အနေဖြင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ ခိုင်မာသော မဟာဗျူဟာကျသည့် ဆက်သွယ်ရေးနှင့် အဆင့်မြင့် ဖလှယ်မှုများ ထိန်းသိမ်းရေး စသည့်ကဏ္ဍများတွင် ပြီးခဲ့သည့် သြဂုတ်လက သဘောတူညီမှုကို အလေးအနက်ထား အကောင်အထည် ဖော်သင့်ကြောင်းလည်း တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်း၊ ဝန်ကြီးချုပ် လီခယ်ကျင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ကာလရှည် ထောက်ပံ့ပေးမှုအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ၌ နှစ်နိုင်ငံ အကျိုးအမြတ်ရှိစေမည့် စီမံကိန်းများအား အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့သို့ ရောက်ရှိနေစဉ်အတွင်း အောက်တိုဘာ ၁၆ ရက်တွင် သီရိလင်္ကာ နိုင်ငံသမ္မတ Mr.Maithritala Sirisena နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
 

Most Read

Most Recent