စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး ပြေလည်မှုများ ရရှိရေး ဆွေးနွေးရန် လိုကြောင်းနှင့် မိမိကိစ္စ တစ်ခုတည်းကိုပဲ ရှေ့တန်းတင် တောင်းဆိုနေပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောကြား

စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး ပြေလည်မှုများ ရရှိရေး ဆွေးနွေးရန် လိုကြောင်းနှင့် မိမိကိစ္စ တစ်ခုတည်းကိုပဲ ရှေ့တန်းတင် တောင်းဆိုနေပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ပြောကြား
Published 16 October 2016
မျိုးမင်းထက်၊ ချမ်းဝေစိုး

စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံရေး ပြေလည်မှုများ ရရှိရေး ဆွေးနွေးရန် လိုကြောင်းနှင့် မိမိကိစ္စ တစ်ခုတည်းကိုပဲ ရှေ့တန်းတင် တောင်းဆိုနေပါက ငြိမ်းချမ်းရေး မရနိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဦးစိုင်းညွန့်လွင်က အောက်တိုဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ သျှရီရာ မခရစ်ရှနခန်းမ၌ ပြုလုပ်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း (၂၈) နှစ်ပြည့် အထိမ်းအမှတ် စစ်မှန်သောငြိမ်းချမ်းရေး နိုင်ငံရေး စကားဝိုင်းတွင် အထက်ပါကဲ့သို့ ဆွေးနွေးပြောကြား ခဲ့ခြင်းဖြစ်သည်။
“လတ်တလော သေနတ်နဲ့ ပစ်ခတ်နေကြတာတွေ၊ စစ်လေယာဉ်ပျံတွေနဲ့ ဗုံးကြဲနေကြတာတွေ၊ အမြောက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေ ဒါတွေကိုမြင်တယ်။ မြင်လည် မြင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်တွေကို သတ်ဖြတ်နေကြတာကို တစ်ဖက်နဲ့ တစ်ဖက် သတ်ဖြတ်နေတာ ဖြစ်တဲ့အတွက် စစ်ပွဲတွေ ရပ်စဲသင့်တာပေါ့နော်။ စစ်ပွဲတွေ ရပ်စဲသင့်တယ်။ ဒါပထမ ဦးစားပေးပါ။ သို့သော်လည်းပဲ တကယ်လို့ စစ်ပွဲတွေ ရပ်သွားသည့်တိုင်အောင် ယာယီပဲ ဖြစ်နိုင်သေးတယ်။ ဒီစစ်ပွဲတွေကို ရေရှည်စစ်မှန်သော ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံရေး ပြေလည်မှုတွေရအောင် ဆွေးနွေးဖို့လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိအောင်၊ သဘောပေါက်အောင်၊ သဘောတူညီချက်တွေရအောင် ဆက်လက်ပြီးတော့ ကြိုးစားဖို့ လိုပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ထို့နောက် စစ်မှန်သည့်ငြိမ်းချမ်းရေး ပိုမိုခိုင်မာရန်အတွက် လူမှုစီးပွားဘဝများ လုံခြုံရန်လိုကြောင်း၊ တရားဥပဒေ စိုးမိုးရန် လိုအပ်ကြောင်း၊ စစ်မှန်သည့် ပညာရေးဖြစ်ရန် လိုကြောင်း၊ စစ်မှန်သည့် လုပ်ငန်းများ လုပ်ရန်များစွာ ကျန်နေကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
ထို့ကြောင့် မိမိအဖွဲ့အစည်း၊ မိမိပုဂ္ဂိုလ်ရေး၊ မိမိတပ်၊ မိမိပါတီ၊ မိမိလူမျိုးစု ကိစ္စများကို ရှေ့တန်းမတင်ဘဲ စစ်မှန်သော ပြည်ထောင်စုကြီးဖြစ်ရန် မည်သို့ထူထောင်ကြမလဲ ဆိုသည်ကို ဦးစားပေး စဉ်းစားမည် ဆိုပါက အောင်မြင်မှုရနိုင်ကြောင်း ဦးစိုင်းညွန့်လွင်က ဆိုသည်။
၂၁ ရာစု ပင်လုံပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ တင်သွင်းခဲ့သည့် စာတမ်းများနှင့်ပတ်သက်၍ စာတမ်းအတော်များများမှာ ပြည်ထောင်စုကိစ္စ၊ နိုင်ငံတော်ကိစ္စကို ဦးစားမပေးဘဲ မိမိအဖွဲ့အစည်း၊ မိမိတပ်ကိစ္စ၊ မိမိလူမျိုးရေးကိစ္စ၊ မိမိလူမျိုးစု ကိစ္စကိုသာ ဦးစားပေး ပြောကြသည်ကို တွေ့ရကြောင်း၊ အင်မတန် ဝမ်းနည်းစရာ ကောင်းကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက “တကယ်လို့သာ ကိုယ့်ကိစ္စ တစ်ခုတည်းကိုပဲ ရှေ့တန်းတင် ဦးစားပေးပြီးတော့ ဆွေးနွေးနေမယ်၊ တောင်းဆိုနေမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ငြိမ်းချမ်းရေးက ရမှာမဟုတ်ပါဘူး။ ဒီမှာဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံး တစ်လုံးတည်း မသုံးဘဲနဲ့ စစ်မှန်သော ငြိမ်းချမ်းရေး ဆိုပြီးတော့ သုံးနေရတာကိုက ငြိမ်းချမ်းရေး အတုတွေရှိလို့ စစ်မှန်သော ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးစစ်စစ် အဲဒီလိုမျိုး သုံးနေရတာ ဖြစ်ပါတယ်။ စစ်မှန်သော ငြိမ်းချမ်းရေးရအောင် နိုင်ငံတော်အတွက်ကို ဦးစားပေးပြီးတော့ စဉ်းစားဖို့လိုပြီ” ဟု ပြောကြားသည်။
အဆိုပါ စစ်မှန်သောငြိမ်းချမ်းရေး နိုင်ငံရေးစကားဝိုင်း၌ နိုင်ငံလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီးတော့ ကျွန်တော်တို့နိုင်ငံသွားမယ့် ပန်းတိုင်ဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပါတယ်။ အဲဒီ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို သွားတဲ့နေရာမှာ ကျွန်တော် လေ့လာမိသလောက် ကျွန်တော်တို့မှာ အဓိက အကျပ်အတည်း နှစ်ခုရှိပါတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဒီအကျပ်အတည်း နှစ်ခုဟာလည်း အပြန်အလှန် ဆက်စပ်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီတော့ အကျပ်အတည်း နှစ်ခုက ဘာလဲဆိုတော့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နောက်ဒုတိယ အချက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ။ အဲဒီတော့ ဒီအကျပ်အတည်း နှစ်ခုကို ကျွန်တော်တို့က ထိထိရောက်ရောက် ဖြေရှင်းနိုင်မယ့် လမ်းပေါ်ကို ခြေမချနိုင်သရွေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲဟာ လမ်းကြောင်း အမှန်ပေါ်ကို ရောက်ပြီလို့ မပြောနိုင်သေးဘူးလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ အဲဒီတော့ ဒီအကျပ်အတည်းနှစ်ခုကို တစ်ခုပြီးမှ တစ်ခု ဖြေရှင်းလို့ မရပါဘူး။ ဒီအကျပ်အတည်း နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖြေရှင်းမှသာလျှင် ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲဟာ အားကောင်းတဲ့ဘက်ကို ဦးတည်နိုင်တယ်လို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်” ဟု ပြောကြားသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလဆန်းတွင် စတင်ကျင်းပရန် သတ်မှတ်ထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားထားသည်။
 

Most Read

Most Recent