နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်
Published 14 October 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်အောက်တိုဘာ ၁၆ ရက်၌ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။“အောက်တိုဘာ ၁၆ ရက်နေ့ သွားမှာပါ။ ၁၈ ရက်နေ့အထိ နေပါ့မယ်။ အသေးစိတ် အစီအစဉ်တွေကိုတော့ ထပ်ထုတ်ပြန်ပေးပါမယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ပြုလုပ်မည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင် အာဖရိကနိုင်ငံများ ပါဝင်သော အဓိက ထွန်းသစ်စ စီးပွားရေးနိုင်ငံများအဖွဲ့ (BRICS) ညီလာခံနှင့် တောင်အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများ ဖွဲ့စည်းထားသော BIMSTEC ညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသမ္မတ ပရာနာ့ဘ်မူကာဂျီ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ပြည်ပရေးရာဝန်ကြီး မစ္စစ်ဆူရှာမာဆွာရာ့ရ်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်တွင် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ဂိုအာမြို့၌ အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပမည့် BRICS-BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း” ဖော်ပြခဲ့သည်။ဆက်လက်ပြီး “နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အကြီးတန်း အရာရှိများ လိုက်ပါလာမည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံသမ္မတ ပရာနာ့ဘ်မူကာဂျီ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ပြည်ပရေးရာဝန်ကြီး မစ္စစ်ဆူရှာမာဆွာရာ့ရ်တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း” လည်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်ကလည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံ သမ္မတ ပရာနာ့ဘ်မူကာဂျီ၊ ဝန်ကြီးချုပ် မိုဒီတို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ သဘောတူစာချုပ် လေးခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Most Read

Most Recent