လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည်

လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည်
Published 11 October 2016

လွှတ်တော်အသီးသီးမှ လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၇ ခုနစ် ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့(အောက်တိုဘာ ၁၁ ရက်) နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ 
 
ထိုသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် နေရာများမှာ ပြည်သူ့လွှတော်တွင် လစ်လပ်မဲဆန္ဒနယ်မြေ ကိုးနေရာ၊ အမျိုးသားလွှတ်တော်တွင် လစ်လပ်မဲဆန္ဒနယ်မြေ သုံးနေရာနှင့် ပြည်နယ်လွှတ်တော်တွင် လစ်လပ်မဲဆန္ဒနယ်မြေ ခြောက်နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ နေရာတွင် ပြုလုပ်သွားမည် ဖြစ်သည်။
 

 
လစ်လပ်ပြည်သူ့လွှတ်တော်၏ မဲဆန္ဒနယ်များအဖြစ် မုံရွာ၊ ချောင်းဆုံ၊ အမ်း၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကော့မှူး၊ ကျေးသီး၊ မိုင်းရှူး မဲဆန္ဒနယ်များဖြစ်ပြီး လစ်လပ်အမျိုးသားလွှတ်တော်၏ မဲဆန္ဒနယ်များအဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)ဖြစ်သည့် ထန်တလန်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)ဖြစ်သည့် (ကျောက်တံခါး၊ ညောင်လေးပင်)၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) ဖြစ်သည့် (ကမာရွတ်၊ ကြည်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ) စသည့် မဲဆန္ဒနယ်မြေများ ဖြစ်ကြောင်း သိရသည်။ 
 

 
ထို့ပြင် လစ်လပ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအဖြစ် ဖရူဆိုမြို့နယ်တွင် မဲဆန္ဒနယ် အမှတ်(၁)၊ ကျိုင်းတုံမြို့နယ်တွင်  မဲဆန္ဒနယ် အမှတ်(၂)၊ ကျေးသီးမြို့နယ်တွင် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)၊ မိုင်းရူးမြို့နယ်တွင်  မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂) တို့ ဖြစ်ကြောင်း သိရသည်။
 
 

Most Read

Most Recent