အစိုးရအဖွဲ့က လွှတ်တော်တွင် ကတိကဝတ် ဖြစ်ခဲ့သည်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိမရှိအား တတိယ ပုံမှန်အစည်းအဝေး ပြန်စချိန်တွင် စတင်စစ်ဆေးမည်ဟု ကော်မတီဥက္ကဋ္ဌ ပြောကြား

အစိုးရအဖွဲ့က လွှတ်တော်တွင် ကတိကဝတ် ဖြစ်ခဲ့သည်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိမရှိအား တတိယ ပုံမှန်အစည်းအဝေး ပြန်စချိန်တွင် စတင်စစ်ဆေးမည်ဟု ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 11 October 2016
စိုးမင်းထိုက်

အစိုးရအဖွဲ့က လွှတ်တော်တွင် ကတိကဝတ် ဖြစ်ခဲ့သည်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု ရှိမရှိအား တတိယ ပုံမှန်အစည်းအဝေး ပြန်စချိန်တွင် စတင်စစ်ဆေးမည်ဟု အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားသည်။
ဦးသိမ်းဆွေက “အစိုးရက ကတိဖြစ်ပေါ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ လျာထားတာကတော့ တတိယပုံမှန် အစည်းအဝေး ပြန်လည်စတင်တဲ့ အချိန်မှာ စလုပ်သွားဖို့ လျာထားပါတယ်။ တတိယပုံမှန် အစည်းအဝေး လွှတ်တော်ပြန်စချိန် ကိုယ်စားလှယ်တွေ စုံတဲ့အချိန်မှာ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် ကိုယ်စားလှယ်များ အနေဖြင့် မဲဆန္ဒနယ်မြေများသို့ ပြန်ဆင်းမည် ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် ကွင်းဆင်းစစ်ဆေးမည် မဟုတ်ကြောင်း၊ သွားရောက် ကြည့်ရှုစစ်ဆေးမည် ဆိုပါက ကတိဖြစ်ပေါ်ခဲ့သည့်ကိစ္စ တစ်ခု နှစ်ခုလောက်ပဲ ကြည့်နိုင်မည်ဖြစ်ကြောင်း၊ တိုင်းတစ်တိုင်းကို တစ်ခုစီခန့်သာ စိစစ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ကျမည့် ငွေကြေးများကို ထောက်ပြမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ကျွန်တော်တို့က သွားမယ်ဆိုရင်လည်း တစ်ဆက် တစ်စပ်တည်း သွားလို့ရမယ့် နေရာတွေ ကြည့်ပြီးတော့မှ ခရီးစဉ် ရေးဆွဲရမှာပေါ့။ ပထမတုန်းကတော့ လောက်ကိုင်တို့၊ နယ်စပ်တွေဘက်က ကတိကဝတ် ဖြစ်ပေါ်ခဲ့တာတွေကို သွားစစ်ဖို့ပါ။ နယ်မြေ အနေအထား အရလည်းရှိတော့ တတိယ ပုံမှန်အစည်းအဝေး ပြန်စမှ ကော်မတီဝင်တွေနဲ့ တိုင်ပင်ပြီးတော့ ခရီးစဉ် ပြန်ဆွဲရမှာပေါ့” ဟု ဦးသိမ်းဆွေက ပြောကြားသည်။
ဆက်လက်၍ “ဘယ်လိုကိစ္စတွေကို အဓိကထား စစ်ဆေးမလဲ ဆိုတာကတော့ ကော်မတီ အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်ရမှာပေါ့။ အခုတော့ အတိအကျပြောလို့ မရသေးပါဘူး” ဟု ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပြောကြားသည်။
အစိုးရအဖွဲ့က လွှတ်တော်တွင် ကတိဖြစ်ပေါ်ခဲ့သည်များအား မှန်ကန်စွာ ဆောင်ရွက်ခြင်း ရှိ မရှိအား စစ်ဆေးသွားမည်ဟု အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာအား စက်တင်ဘာ ၁၉ ရက်က အမျိုးသား လွှတ်တော်သို့ တင်သွင်းစဉ် ပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းသည့် ကြယ်ပွင့်ပြ မေးခွန်း ၃၃ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၂၆ ခု မေးမြန်းခဲ့ကြောင်း၊ အဆိုတစ်ခု တင်သွင်းခဲ့ကြောင်း၊ ပြည်ထောင်စု အဆင့်မှ ပြန်လည် ဖြေကြားရာတွင် မေးခွန်း ၃၃ ခုအနက် ၂၃ ခု ကတိဖြစ်ပေါ်ခဲ့ကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၂၆ ခုအနက် ၁၄ ခု ကတိ ဖြစ်ပေါ်ခဲ့ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက ကျန်းမာရေး၊ ပညာရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများအား ကြယ်ပွင့်ပြမေးခွန်း ၁၄၇ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၉၂ ခု မေးမြန်းခဲ့ကြောင်း သိရသည်။                              

Most Read

Most Recent