လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် မြို့နယ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး အဖွဲ့ဖွဲ့ရန် ၁၇ မြို့နယ် ကျန်ရှိနေပြီး လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ရန်ပုံငွေသုံးစွဲခွင့် အဆိုပြုချက် ပုံစံများ ပေးပို့ရန် ၄၇ မြို့နယ် ကျန်ရှိ

လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန်အတွက် မြို့နယ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး အဖွဲ့ဖွဲ့ရန် ၁၇ မြို့နယ် ကျန်ရှိနေပြီး လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ရန်ပုံငွေသုံးစွဲခွင့် အဆိုပြုချက် ပုံစံများ ပေးပို့ရန် ၄၇ မြို့နယ် ကျန်ရှိ
Published 10 October 2016
မျိုးမင်းထက်

လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး အဖွဲ့ဖွဲ့ရန် ၃၂၅ မြို့နယ်အနက် ၁၇ မြို့နယ် တင်ပြရန် ကျန်ရှိနေပြီး လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ရန်ပုံငွေသုံးစွဲခွင့် အဆိုပြုချက် ပုံစံများ ပေးပို့ရန် ၄၇ မြို့နယ် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။
မြို့နယ်ပေါင်း ၂၇၈ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ဖွဲ့စည်းထားသည့် မြို့နယ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး အဖွဲ့များအား လုပ်ငန်းဆောင်ရွက်ခွင့်နှင့် ရန်ပုံငွေသုံးစွဲခွင့်များကို ခွင့်ပြုမိန့် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့များ ဖွဲ့စည်းရန် လွှတ်တော်ကိုယ်စားလှယ်များထံ ပန်ကြားစာများ ထုတ်ပြန်ခဲ့သော်လည်း မြို့နယ်ပေါင်း ၃၀၈ မြို့နယ်သာ တင်ပြပြီး ၁၇ မြို့နယ်မှာ တင်ပြရန် ကျန်ရှိနေသေးကြောင်း တွေ့ရှိရပါတယ်။ ထို့ပြင် မြို့နယ်ဖွံ့ဖြိုးရေး အကောင်အထည်ဖော်ရေး အဖွဲ့များ အနေနဲ့ လုပ်ငန်းဆောင်ရွက်ခွင့်နဲ့ ရန်ပုံငွေသုံးစွဲခွင့်များကို အဆိုပြုချက်ပုံစံ (၁) ဖြင့် ၂၇၈ မြို့နယ်က တင်ပြထားတဲ့ အတွက် ခွင့်ပြုမိန့် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ကျန်ရှိတဲ့ မြို့နယ် ၄၇ မြို့နယ်တွင်လည်း အဆိုပြုချက်ပုံစံ (၁) များ ပေးပို့ဖို့ နှိုးဆော်ထုတ်ပြန် ထားပါတယ်။ ဒါကြောင့် ခွင့်ပြုမိန့်ထုတ်ပြန်ပြီး မြို့နယ်များ အနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ရပ်ကွက် ကျေးရွာ အုပ်စုအလိုက် ပြည်သူလူထု ကိုယ်စားပြုအဖွဲ့များနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ထုတ်ပြန်ထားတဲ့ ဥပဒေ လုပ်ထုံးများနဲ့အညီ လုပ်ငန်းများ ဆောင်ရွက်ကြဖို့နဲ့ ကျန်ရှိတဲ့ မြို့နယ်များအနေနဲ့လည်း ဆောလျင်စွာ တင်ပြ ဆောင်ရွက်သွားကြဖို့ အသိပေး ပြောကြားလိုပါတယ်” ဟု ပြောကြားထားသည်။
ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေအရ မြို့နယ်တစ်မြို့နယ်ကို ဘဏ္ဍာနှစ် တစ်နှစ်အတွက် ကျပ်သိန်းတစ်ထောင် ချထားပေးကြောင်း၊ သောက်သုံး ရေရရှိရေး၊ လမ်းတံတား၊ မြို့နယ်အတွက် အမှန်တကယ်လိုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရကြောင်း သိရသည်။
“အချိန်မီလုပ်ကြပါ။ ဒါက ပြည်ထောင်စုလွှတ်တော်ရဲ့ ပြည်ထောင်စုဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ကိုယ်စားလှယ်တွေ၊ ကိုယ့်ဒေသ မှာကိုယ် ကိုယ့်မဲဆန္ဒရှင်မိဘပြည်သူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်က တစ်ပိုင်တစ်နိုင် ပြန်ပြီးတော့အထောက်အပံ့ပြုဖို့ ချပေးတဲ့ ရန်ပုံငွေ။ အဲဒါလေးတော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ မြန်မြန်ထက်ထက် အ ကောင်အထည်ဖော်ကြပါ။ စာရင်းမြန်မြန် ထက်ထက်တင်ပါ။ ဒီကြားထဲမှာ တင်တိုင်း လည်းရတာမဟုတ်ဘူး။ ပြန်ပြင်ချင်တာ ရှိ လည်းပြင်ရဦးမယ်။ ပြင်ပြီးတော့မှ ငွေချ ပေးမှာ။ ငွေရမှ ထုတ်ရမှာ။ ဒီနေ့တင် မနက် ဖြန်ငွေချပေးမှာလည်းမဟုတ်ဘူး။ လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ မတင်ရသေးတဲ့ သက်ဆိုင်ရာ မဲဆန္ဒရှင်က ကိုယ်စားလှယ် တွေကတော့ ဒီပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေအရ ချပေး ထားတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက်ကိုတော့ အားထုတ်ပြီးတော့ အားစိုက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ဒီဟာတွေရဲ့ လုပ်ငန်း စီစဉ်ဆောင်ရွက်ပြီးစီးမှုက မတ်လကျမှာပဲ အန်တီတို့က နောက်ဆုံး အစီရင်ခံစာ တင်ပြီးတော့မှ ဥပမာ ကျွန်တော်တို့ နယ်အတွက်ကတော့ ရေရရှိရေး အတွက်ကတော့ လုပ်ငန်းက အခု ၂၀ ရှိပါတယ်။ လမ်းအတွက်ကတော့ ၁၀ ခုလုပ်ပါတယ်။ ဥပမာ ဒီသိန်းတစ်ထောင်ကတော့ ဒီလိုဒီလို ခွဲခြမ်းဝေပေးလိုက်ပါတယ် ဆိုပြီးတော့ အန်တီတို့က ပြီးသွားတဲ့ လုပ်ငန်းတွေရဲ့ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေနဲ့ တစ်ခါပြန်ပြီး ပြည်ထောင်စု လွှတ်တော်ကို ပြန်ပြီးတင်ရတယ်။ ဆိုလိုတာက မတ်လမှာ ဒါနောက်ဆုံးအနေနဲ့ သွင်းရမှာဆိုတဲ့ အတွက်ကြောင့်မိုလို့ သိပ်ပြီးတော့ ပြဿနာ မရှိဘူး။ အန်တီလည်း အစဉ်တစိုက် လုပ်လာခဲ့တာ ဆိုတော့လေ” ဟု ပြောကြားသည်။
“တချို့ကျတော့လည်း အခုမှ လက်ကကိုင်ပြီး လုပ်ရမယ့် လွှတ်တော်ကိုယ်စားလှယ် အသစ်တွေကျ ဒါကခက်ခဲတယ်လို့ အောက်မေ့တယ်။ တချို့ကျ ဒါကို ပြဿနာတွေ ရှိလာမလားလို့ စိတ်ပူနေကြတာတွေ ရှိတယ်။ တကယ်တမ်းတော့ မြို့နယ်ရဲ့ ဖွံ့ဖြိုးရေး ရန်ပုံငွေကို လုပ်ပေးမယ့် အဖွဲ့တွေ သေသေချာချာ ရှိဖို့က လိုတယ်” ဟု ဒေါ်ခင်စန်းလှိုင်က သုံးသပ်ပြောကြားသည်။
 

Most Read

Most Recent