နိုင်ငံရေး ဆွေးနွေးပွဲရလဒ် မထွက်မီ ကာလ၌ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်ပုံစံ ကျင့်သုံးနိုင်ပြီး ရေရှည်တွင် ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့်သာ တိုင်းပြည်ကို ထူထောင်မှ ရမည်ဖြစ်ကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO ဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေး ဆွေးနွေးပွဲရလဒ် မထွက်မီ ကာလ၌ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်ပုံစံ ကျင့်သုံးနိုင်ပြီး ရေရှည်တွင် ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့်သာ တိုင်းပြည်ကို ထူထောင်မှ ရမည်ဖြစ်ကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ PNLO ဥက္ကဋ္ဌ ပြောကြား
Published 25 September 2016
ကျော်ဇင်ဝင်း

နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်မထွက်မီ၌သာ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်ပုံစံ ကျင့်သုံးနိုင်ပြီး ရေရှည်တွင် ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့်သာ တိုင်းပြည်အား ထူထောင်မှရမည်ဖြစ်ကြောင်း ပအိုဝ်းလက် နက်ကိုင်အဖွဲ့ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် စက်တင်ဘာ ၂၄ ရက်က “ဗဟိုချုပ်ကိုင်မှု လျှော့ချရုံလောက်နဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်ပြီလား” ခေါင်းစဉ်ဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ကျင်းပသည့် ဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဦးခွန်မြင့်ထွန်းနှင့်အတူ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ ပါမောက္ခ၊ ဌာနမှူး (ငြိမ်း) ဒေါက်တာကျော်ဝင်း၊ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့က ပါဝင်ဆွေးနွေးခဲ့သည်။
Decentralization (ဗဟိုချုပ်ကိုင်မှု လျှော့ချရေး) ဆိုသည်မှာ အုပ်ချုပ်စီမံမှုကို အခြေခံစဉ်းစားခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်တွင် ကြုံတွေ့နေသည့် အခက်အခဲ အကျပ်အတည်းများ၌ အုပ်ချုပ်မှု၊ စီမံမှုများ ဗဟိုချုပ်ကိုင်မှု များနေပါက ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်ခြင်းဖြင့် ပြဿနာ အကျပ်အတည်းများ လွတ်ကင်းသွားမည်ဟု စဉ်းစားခြင်းဖြစ်ကြောင်း၊ မိမိတို့ တော်လှန်ကြသည်မှာ အုပ်ချုပ်စီမံမှုများထက် မိမိတို့၏ အမျိုးသားဆိုင်ရာ သမိုင်း၊ တန်ဖိုး၊ တန်းတူ လိုမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
ထို့အတူ Decentralization သည် အောက်ခြေအထိ ဖြေလျှော့မှုများ လုပ်ထားသော်လည်း အခြေခံမှာ တစ်ပြည်ထောင်စနစ် ဖြစ်ကြောင်း၊ အမျိုးသားနိုင်ငံ ထူထောင်ခြင်းနှင့် လူမျိုးပေါင်းစုံ ပြည်ထောင်စုခြင်းကို ရှင်းရှင်းစဉ်းစား ရမည်ဖြစ်ကြောင်း၊ တစ်ပြည်ထောင်စနစ်ကို အခြေခံသည့် အမျိုးသားနိုင်ငံကိုသာ ထူထောင်မည်ဆိုပါက ဖြစ်သမျှ၊ ကြုံသမျှအား ရင်ဆိုင်ဖြေရှင်းရဲရန်လိုကြောင်း၊ မိမိတို့၏ သမိုင်းကြောင်းများကို တန်ဖိုးထားပြီး တန်းတူရေးကို လုပ်ဆောင်မည်ဆိုပါက လူမျိုးပေါင်းစုံပါဝင်သည့် ပြည်ထောင်စုကို ဖက်ဒရယ်စနစ်ဖြင့် ထူထောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“နိုင်ငံရေး ဆွေးနွေးပွဲတွေ မပြီးသေးချိန် စပ်ကြားကာလမှာကတော့ နိုင်ငံကို ဘယ်လိုထူထောင်မယ် ဆိုတာကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ် မထွက်သေးခင် ကာလမှာတော့ ဒီကနေ့တိုင်းပြည်ရဲ့ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် တတ်နိုင်သမျှ အောက်ခြေထိကို အာဏာတွေ ဖြန့်ကြက်ပြီးတော့ Decentralization နဲ့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ လက်ခံလို့ရတယ်။ ဒါပေမဲ့ လာမယ့် ပြည်ထောင်စုမှာတော့ Decentralization နဲ့ဖွဲ့ စည်းပုံရေးလို့မရဘူး။ ကျွန်တော်တို့ လက်မခံဘူး။ အဲဒီတော့ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ်) ကျွန်တော်တို့ ချုပ်ဆိုတဲ့ အခါမှာ Decentralization နဲ့ ကျွန်တော်တို့ မချုပ်ဆိုခဲ့ဘူး။ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ ပြည်ထောင်စု ထူထောင်မယ်လို့ NCA စာချုပ်မှာ သဘောတူပြီး ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအခြေခံကနေ စဉ်းစားရမယ်လို့ ကျွန်တော်တို့ရှင်းရှင်းပဲ မြင်ပါတယ်” ဟု ဦးခွန်မြင့်ထွန်းက ပြောကြားသည်။
မိမိတို့ နားလည်ထားသည့် ဖက်ဒရယ်ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် စုပေါင်းအုပ်ချုပ်ခြင်း နှစ်ခုကို ရောစပ်ထားခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု တစ်ခုလုံးအတွက် တာဝန်ခံ ပါဝင်ဆောင်ရွက်သကဲ့သို့ သက်ဆိုင်ရာ ပြည်နယ်ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့် နေထိုင်ခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအား ပြည်သူတစ်ရပ်လုံးမှ တင်မြှောက်သကဲ့သို့ ပြည်နယ်အစိုးရကိုလည်း ပြည်နယ်တွင်း လူထုမှတင်မြှောက် ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရအကြီးအကဲသည် ပြည်နယ်အကြီးအကဲအား ဖြုတ်ခွင့်မရှိသည့် အတွက် လွတ်လပ်မှုကို ဖော်ကျူးထားခြင်း ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်၌ ပြည်နယ်များသည် ပြည်ထောင်စု၏ လက်အောက်ခံ မဟုတ်ဘဲ လုပ်ငန်းအား အတူအာမခံ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အဆင့်အတန်းအရ သတ်မှတ်မှု ကွာခြားခြင်းဖြစ်ကြောင်း၊ ဗဟိုချုပ်ကိုင် လျှော့ချခြင်းကို ဖက်ဒရယ်တံဆိပ်ကပ်၍ ပြောဆိုနေမှုများ ရှိကြောင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် ကောင်းမွန်သည့် အချက်များရှိသော်လည်း မြန်မာနိုင်ငံတွင် ရေတိုသာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အလားတူ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကလည်း ဗဟိုချုပ်ကိုင်မှုနှင့် ဖက်ဒရယ်စနစ် ကွဲလွဲသည့် အချက်မှာ ဖက်ဒရယ်စနစ်သည် ပိုမိုကျယ်ပြန့်ပြီး နိုင်ငံရေးသဘော ပိုမိုပါကြောင်း၊ ဖက်ဒရယ်တွင် ပေးထားသည့် အခွင့်အရေးများ၊ ရပိုင်ခွင့်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ထည့်သွင်းရေးဆွဲ ဖော်ပြထားရသည်အထိ လိုအပ်ကြောင်း၊ Decentralization လုပ်သည့် အပိုင်းတွင်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မရေးထားသော်လည်း လုပ်ဆောင်၍ရကြောင်း ပြောကြားသည်။
“ဆိုလိုချင်တဲ့သဘောက အစိုးရ အဖွဲ့တစ်ဖွဲ့ တက်လာတယ်။ သူ့အစိုးရရဲ့ မူဝါဒ လုပ်ငန်းစဉ်အတိုင်း ဗဟိုချုပ်ကိုင်မှု လျှော့ချတာကို လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဖက်ဒရယ်စနစ်ဆိုတဲ့ ပုံစံကတော့ ကျွန်တော့် အမြင်အားဖြင့်ပေါ့လေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ထည့်သွင်းပြီးတော့ အတိအလင်း ရေးဆွဲပြဋ္ဌာန်း နိုင်တဲ့အထိ လိုအပ်တယ်လို့ သုံးသပ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ တိုင်းပြည်မှာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချလိုက်တာနဲ့တော့ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံကို ဦးတည်တယ်လို့ ပြောဖို့ခက်တယ်” ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဗဟိုချုပ်ကိုင်မှု လျှော့ရေးအပိုင်းသည် အားနည်းနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်သည် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအား သြဇာသက်ရောက်မှု မရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရန် မလိုသော်လည်း လတ်တလော မြင်တွေ့နေရသည်မှာ ပြည်ထောင်စု လွှတ်တော်နာယက (သို့မဟုတ်) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံ၍ လမ်းညွှန်မှုများ ပေးနေခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အနည်းငယ် ဆန့်ကျင်နေသည်ကို တွေ့ရသည့်အတွက် သတိထားရန် လိုကြောင်း၊ အဆိုပါ ကိစ္စရပ်များသည် တစ်နည်းအားဖြင့် ဗဟိုချုပ်ကိုင်မှုကိုပို၍ တွန်းအားပေး လုပ်ဆောင်နေခြင်းလားဟု သံသယဖြစ်စရာ ဖြစ်လာကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသော တိုင်းပြည်၏ အကျပ်အတည်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်းဟု သုံးသပ်လိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်း ကျော်လွှားရေးကို နောက်ထား၍ ငြိမ်းချမ်းရေးအား ဦးစွာဖော်ဆောင်မည် ဆိုခြင်းသည် ကြောင်းကျိုးဆီလျော်သည့် သုံးသပ်ချက် မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကျပ်အတည်း ကျော်လွှားသည့် ကိစ္စနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်သည့် ကိစ္စသည် အပြန်အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီသည်ဟု မြင်ပြီး တစ်ဆင့်ပြီးမှတစ်ဆင့် လုပ်ဆောင်ရမည် ဆိုသည်မှာ အခြေအမြစ် မရှိသည့် အမြင်ဟု သုံးသပ်ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။
        

Most Read

Most Recent