ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု
Published 23 September 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြုခဲ့သည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်ရှစ်ချက်အား မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထား ကွဲလွဲသည့်အချက်များနှင့် ပတ်သက်ပြီး ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာ တင်သွင်းခဲ့သည်။
ဥပဒေကြမ်း၏ အပိုဒ်(၁၀)၊ အပိုဒ်ခွဲ(ဈ)တွင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ရာတွင် မရိုးဖြောင့်သောသဘောဖြင့် သူတစ်ဦးဦးအား ငွေကြေး သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာပေး၍ သွေးဆောင်ခြင်း မပြုရဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ သဘောထားမှတ်ချက်အတိုင်း အတည်ပြုခဲ့သည်။
အဆိုပါဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောထား ကွဲလွဲခဲ့သည့်အတွက် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အား ပထမဆုံးအကြိမ်အဖြစ် ဆုံးဖြတ်ခြင်း ဖြစ်သည်။
ဥပဒေကြမ်း၏ ပုဒ်မ ၁၀(ခ) တွင် စုဝေးသည့်နေရာ သို့မဟုတ် စီတန်းလှည့်လည်သည့် လမ်းကြောင်းတစ်လျှောက်တွင် ပတ်ဝန်းကျင် ညစ်ညမ်းစေမည့် အပြုအမူများ မပြုရဆိုသည့် အချက်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ဥပဒေကြမ်း၏ ပုဒ်မ ၄(စ) ဤဥပဒေပါ စည်းကမ်းချက်များနှင့် တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ဒေသဆိုင်ရာ လိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းသဘောတူညီချက်၊ ၁၀(ည) ဤဥပဒေပါ စည်းကမ်းချက်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ဒေသဆိုင်ရာ လိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း သဘောတူညီချက်များကို ဖောက်ဖျက်ခြင်း မပြုရဟု ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။
အပိုဒ် ၁၂ တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများသည် ဤ ဥပဒေပါ စည်းကမ်းချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများက ဒေသ ဆိုင်ရာ လိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းသဘောတူညီချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း လိုက်နာခြင်းမရှိ၍ တာဝန်ရှိပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက တားမြစ်ပါက စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းကို ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲ လူစုခွဲရမည်ဟု ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ဥပဒေကြမ်းတွင် မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ဖောက်ဖျက် ကျူးလွန်ပါက ထိုသူကို ပြစ်မှုဖောက်ဖျက် ကျူးလွန်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆို တင်ပို့ရမည်ဟု အတည်ပြုထားခဲ့သည်။
ဥပဒေကြမ်း၏ ပုဒ်မ ၁၀(ဂ) ယာဉ်များနှင့် လမ်းသွားလမ်းလာများ၊ ပြည်သူများကို အနှောင့်အယှက် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တမင်တားဆီးပိတ်ဆို့ခြင်းကို မပြုလုပ်ရဟု ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ထို့ပြင် ပုဒ်မ ၄ အရ အသိပေး တင်ပြပြီးသူသည် အကြောင်းအမျိုးမျိုးကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း မပြုလုပ်လိုပါက သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆောလျင်စွာ အသိပေး တင်ပြရမည်ဟု ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များအား မဲခွဲဆုံးဖြတ်ကာ အတည်ပြုပြီးနောက် သဘောကွဲလွဲခြင်း မရှိသည့် အချက်များအား ပြည်ထောင်စုလွှတ်တော် ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။

Most Read

Most Recent