နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ် (CTBT) တွင် မြန်မာနိုင်ငံ အတည်ပြု ပါဝင်

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ် (CTBT) တွင် မြန်မာနိုင်ငံ အတည်ပြု ပါဝင်
Published 22 September 2016
ငြိမ်းကို

နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ် (Comprehensive Nuclear-Test-Ban Treaty-CTBT) တွင် မြန်မာနိုင်ငံ အတည်ပြု ပါဝင်ခြင်း အခမ်းအနားကို နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်တွင် စက်တင်ဘာ ၂၁ ဒေသစံတော်ချိန် ညနေ ၄ နာရီက ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Mr. Miguel de Serpa Soares, Under-Secretary-General for Legal Affairs and United Nations Legal Counsel ထံကို CTBT အတွက် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသော Instrument of Ratification မူရင်းကို ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားခဲ့သော အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတွင်လည်း မြန်မာနိုင်ငံသည်  နျူကလီးယားလက်နက် ကင်းမဲ့သည့်ကမ္ဘာ ဖြစ်စေရေးအတွက် ခံယူဆောင်ရွက်လျက်ရှိကြောင်း၊  နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အရင်းအမြစ်မှာ လက်နက်စမ်းသပ် ဖောက်ခွဲမှုများ အလုံးစုံ ရပ်ဆိုင်းရေးပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် Comprehensive Nuclear-Test-Ban Treaty (CTBT) တွင် အတည်ပြုလက်မှတ် ရေးထိုးမည်ဖြစ်ကြောင်းကို မိမိ အနေဖြင့် အထွေထွေ ညီလာခံသို့ အသိပေး ကြေညာလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်တွင် မြန်မာနိုင်ငံ အတည်ပြု ဝင်ရောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က သြဂုတ် ၂၃ ရက်က သဘောတူခဲ့သည်။အဆိုပါ စာချုပ်တွင် အတည်ပြု ဝင်ရောက်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့က သြဂုတ် ၁၆ ရက်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၃ ရက်တွင် လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။အာဆီယံနိုင်ငံများတွင် မြန်မာနှင့် ထိုင်းနိုင်ငံမှလွဲပြီး ကျန်သည့်နိုင်ငံများသည် အဆိုပါ စာချုပ်တွင် ပါဝင်ပြီးဖြစ်ကြောင်း၊ အဆိုပါ စာချုပ်သည် ယနေ့အချိန်အထိ အာဏာသက်ဝင်ခြင်း မရှိသေးသည့်အတွက် ဥပဒေအရ စည်းနှောင်မှု မရှိသေးကြောင်း၊ စာချုပ်တွင် သတ်မှတ်ထားသည့် အဆင့်မြင့်နျူကလီးယား နည်းပညာပိုင်ဆိုင်သည့် နိုင်ငံ ၄၄ နိုင်ငံမှ အတည်ပြု ဝင်ရောက်လာမှသာ စာချုပ်သည် အာဏာသက်ဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ ၄၄ နိုင်ငံအနက် တရုတ်၊ အီဂျစ်၊ အီရန်၊ အစ္စ ရေး၊ အမေရိကန်၊ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ ပါကစ္စတန် စသည့် ရှစ်နိုင်ငံ ပါဝင်ခြင်း မရှိသေးကြောင်း နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်တွင် မြန်မာနိုင်ငံ အတည်ပြု ဝင်ရောက်ရေးအတွက် သြဂုတ် ၁၆ ရက်က လွှတ်တော်သို့ လာရောက် ရှင်းလင်းရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သည်။စာချုပ်တွင် ဝင်ရောက်ပြီးပါက မြန်မာနိုင်ငံ အနေဖြင့် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်များတွင် အသုံးပြုနိုင်ရန်အတွက် နည်းပညာများကို တရားဝင် ရရှိမည် ဖြစ်ကြောင်း၊ ဆေးဝါးကုသရေး၊ ပိုးမွှားရောဂါ ကာကွယ်ရေး၊ အဆင့်မြင့် နည်းပညာများအတွက် သုတေသန ဆောင်ရွက်မှုနှင့် သင်ကြားမှုများ၊ လျှပ်စစ်စွမ်းအင်အတွက် နျူကလီးယားစွမ်းအင် အသုံးချသည့် ကိစ္စရပ်များ၊ မြေငလျင် ကြိုတင် သတိပေးမှု အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent