ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အရေး ထည့်သွင်းဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အရေး ထည့်သွင်းဆွေးနွေး
Published 21 September 2016
ငြိမ်းကို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina တို့သည် စက်တင်ဘာ ၁၉ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် တွေ့ဆုံခဲ့ရာ ရခိုင်ပြည်နယ် အရေးကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းဌာနက စက်တင်ဘာ ၂၀ ရက်က ဖော်ပြခဲ့သည်။
Dhaka Tribune သတင်းဌာန၏ ဖော်ပြချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုတွင် အိမ်နီးချင်း နှစ်နိုင်ငံအကြား ထင်ရှားသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းနှင့် နှစ်နိုင်ငံကြား ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြကြောင်း တွေ့ဆုံမှုအပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်၏ ပြန်ကြားရေး တာဝန်ခံ Ihsanul Karim က ပြောကြားသည်။
ထို့ပြင် ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးမှု၌ ရခိုင်ပြည်နယ် အရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်က ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
ဆက်လက်ပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်က ၎င်းတို့နိုင်ငံအနေဖြင့် အကြမ်းဖက်လုပ်ငန်းများကို လုံးဝခွင့်ပြုမည် မဟုတ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသုံးချပြီး အခြားတိုင်းပြည်များကို တိုက်ခိုက်မည့် အစီအစဉ်များကိုလည်း လက်ခံသွားမည် မဟုတ်ကြောင်း၊ ၎င်းတို့နိုင်ငံအနေဖြင့် အစွန်းရောက် အကြမ်းဖက်သမားများကို တိုက်ခိုက်ရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သည့် အစဉ်အလာကောင်း ထားရှိကြောင်း ထည့်သွင်းပြောကြား ခဲ့သည်ဟု သိရသည်။
ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်သည် ဒေါ်အောင်ဆန်းစုကြည်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်၏ ပြန်ကြားရေး တာဝန်ခံ Ihsanul Karim က ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina တို့ သည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေစဉ်အတွင်း တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ လာမည့် နိုဝင်ဘာလအတွင်း အလည်အပတ်ခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့တွင် ပြုလုပ်သည့် (၂၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် (၂၉) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ကာလအတွင်း စက်တင်ဘာ ၇ ရက်က သီးခြားစီ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ခရီးစဉ် မတိုင်မီ လာမည့် အောက်တိုဘာလ၌ အိန္ဒိယနိုင်ငံ ဂိုအာမြို့၌ ကျင်းပမည့် BIMSTEC ထိပ်သီးညီလာခံကို တက်ရောက်မည် ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန တွဲဖက်အတွင်းဝန် Sripriya Ranganathan က သြဂုတ် ၂၆ ရက်က ပြောကြားချက်အရ သိရသည်။
 

Most Read

Most Recent